ရန်ကုန် ဖေဖော်ဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် ကိုရိုနာဗိုင်းရပ်စ် Coronavirus Disease 2019(COVID-19) ဟောပြောပွဲကို ယနေ့ နေ့လယ် ၂ နာရီက ကျင်းပရာ ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟထွန်းက ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကို ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်မှုရှိကြောင်း၊ ထိုရောဂါပိုးသည် ကမ္ဘာ့နိုင်ငံတော်တော်များများကို ခြိမ်းခြောက်လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၇.၂.၂၀၂၀)ရက်နေ့ ထုတ်ပြန်ချက်အရ ရောဂါဖြစ်ပွားနေသည့် နိုင်ငံပေါင်း (၃၈)နိုင်ငံရှိပြီး လူနာ၊ (၈၁၁၀၉)ဦးနဲ့ သေဆုံးသူ(၂၇၆၀)ဦးထိရှိကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါစောင့်ကြည့်လူနာ(၄၀)ဦးနှင့် သံသယလူနာ(၂)ဦး ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်အသင်းမှ နိုင်ငံတကာဆက်ဆံရေးအရာရှိ ဒေါ်နန်းရွှေရင်က ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး ပြောကြားခဲ့သည်။
ယင်းနောက် ရွှေဂုံတိုင် (SSC)ဆေးရုံမှ လက်ထောက်ဆေးရုံအုပ် ဒေါ်နီလာစိုးက ကိုရိုနာဗိုင်းရပ်စပ်ရောဂါနှင့် ပတ်သက်၍ ကူးစက်နေမှုများ၊ ကာကွယ်ရန်နည်းလမ်းများအကြောင်း ဟောပြောဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ ဗဟန်းမြို့နယ်ရှိ ပြည်သူများ၊ မြို့နယ် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ စိတ်ပါဝင်စားသူများ ဦးရေ(၁၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)