ရန်ကုန် ဖေဖော်ဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၌ ဒေသခံပြည်သူများနှင့် ခရီးသွားမိဘပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် မြို့တွင်းရှိ အဓိကလမ်းမကြီး အပိုင်း(၃)ပိုင်းအား ရာသီမရွေး သွားလာနိုင်သည့် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း တွံတေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
“ဒီလမ်းက တွံတေးမြို့အဝင် အဓိကလမ်းမကြီးဖြစ်ပါတယ်၊ ခုလက်ရှိ ဆောင်ရွက်နေတဲ့ လမ်းမကြီး အပိုင်း(၁) ကို Ready Made ကွန်ကရစ်ခင်းကျင်းရန် အောက်ခံမှာ အမာခံကျောက်သားကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နေပါတယ်၊ သဲနှင့် ကျောက်ကို အမာခံကြိတ်ပြီး Ready Made ကွန်ကရစ် Grade 25 နဲ့ အဆင့်မြှင့်တင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ယခင် ကတ္တရာလမ်းက ပျက်စီးယိုယွင်းသွားတဲ့အတွက် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့် တင်ခြင်းဖြစ်ပါတယ်၊ တွံတေးမြို့ရဲ့ အဓိက လမ်းမကြီး အပိုင်း(၃)ပိုင်းကို ယခုနှစ် မိုးဦးမကျခင် အပြီးဆောင်ရွက် သွားမှာဖြစ်ပါတယ် ” ဟု တာဝန်ခံအင်ဂျင်နီယာ ဦးခင်မောင်ဝင်း က ပြောသည်။
တွံတေးမြို့နယ်အတွင်းရှိ မြို့အဝင်လမ်းမကြီးအား အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် အပိုင်း(၃)ပိုင်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ လမ်းမကြီး အပိုင်း(၁)ကို ရွှေဆံတော်မြောက်ဘက် မုခ်မှ ပုံပြစေတီအထိ အရှည်(၄၅၀)ပေ၊ အကျယ်(၃၀)ပေ၊ ထု(၉)လက်မ၊ လမ်းမကြီး အပိုင်း(၂)ကို ပုံပြစေတီမှ ကျွန်းတောလမ်းဆုံအထိ အရှည်(၁၉၄၃)ပေ၊ အကျယ်(၂၈)ပေ၊ ထု(၉)လက်မ၊ လမ်းမကြီး အပိုင်း(၃)ကို ကျွန်းတောလမ်းဆုံမှ ဒွေးလမ်းဆုံအထိ အရှည်(၉၄၆)ပေ၊ အကျယ်(၂၅)ပေ၊ ထု(၉)လက်မဖြင့် အဆင့်မြှင့် ကွန်ကရစ်လမ်းသစ် ခင်းကျင်းလုပ်ငန်းများကို ဆောင်ရွက်ပေး သွားမည်ဖြစ်သည်။
တွံတေးမြို့တွင်းရှိ အဓိကလမ်းမကြီးများ အဆင့်မြှင့်တင်ရာတွင် အပိုင်း(၁) ကွန်ကရစ်လမ်းခင်းခြင်း အတွက် ငွေကျပ် (၄၂.၁၈)သန်း၊ အပိုင်း(၂) ကွန်ကရစ်လမ်းခင်းခြင်းအတွက် ငွေကျပ် (၁၇၀.၀၁၀)သန်း၊ အပိုင်း(၃) ကွန်ကရစ်လမ်းခင်းခြင်းအတွက် ငွေကျပ်(၇၃.၈၁၆)သန်း စသည့် လမ်းမကြီး အပိုင်း(၃)ပိုင်းကို တွံတေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းအသစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို Apex Queen ကုမ္ပဏီ မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ− နိုင်လင်းကျော်၊ မျိုးလှိုင်