ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် အသက်(၈၀)နှစ်ပြည့်ပြီး (၈၅)နှစ်မပြည့်သေးသည့် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်

မင်းလှ စက်တင်ဘာ ၃၀


လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမူဝန်ထမ်းဦးစီး ဌာနက ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် အသက်(၈၀) နှစ်ပြည့်ပြီး (၈၅)နှစ်မပြည့်သေးသည့် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ ငွေများ ပေးအပ်ခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
ထောက်ပံ့ငွေပေးအပ်ခြင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်က ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ရရှိသော ထောက်ပံ့ငွေများကို သက်ကြီးဘိုးဘွားများ လက်ဝယ်သို့ မှန်မှန်ကန်ကန် အပြည့်အဝရောက်ရှိရန် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များအဖွဲ့က အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာ (၆၆) အုပ်စုမှ အသက်(၈၀)နှစ်ပြည့်ပြီး (၈၅)နှစ်မပြည့်သေးသည့် သက်ကြီး ဘိုးဘွား(၁၀၇၂)အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းစီဖြင့် စုစုပေါင်း ငွေကျပ် ၃၂၁၆၀၀၀၀ အား  ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း၊ ထောက်ပံ့ငွေများကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် စာရေးဝန်ထမ်း များက သက်ကြီးဘိုးဘွားများကို အမြန်ဆုံးပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ မင်းလှ