သဲကုန်း စက်တင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်ပိုးတွေ့အတည်ပြုလူနာ(၇) ဦးအနက် Case 4519 နှင့် 4520 တို့မှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်၍ယနေ့ နံနက်ပိုင်းက ဆေးရုံမှဆင်း ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပိုးတွေ့လူနာများဖြစ်သည့် Case 4519 နှင့် 4520 တို့သည် စက်တင်ဘာ ၁၉ ရက်နေ့မှစ၍ သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံအတွင်းရှိ သံဃာဆောင်တွင်သီးသန့် ထားရှိပြီး ဆေးကုသဆောင်ရွက်ပေးလျက်ရှိရာ သတ်မှတ်ကာလ (၁၁)ရက်ပြည့်မြောက်သည့်အချိန်တွင် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် တိုင်းဒေသကြီးကိုဗစ်ကုသရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခြင်း ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါ(၂)ဦးအား မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာခွန်မောင်အိုးနှင့် ရပ်ကွက်(၁)အုပ်ချုပ်ရေးမှူး ဦးသက်ဆွေဦးတို့မှရောဂါပျောက်ကင်းကြောင်းလက်မှတ်များပေးအပ်ခဲ့ပြီး တာ၀န်ရှိသူ တစ်ဦးက Stay Home နေရမည့်စည်းကမ်းချက်များအား ဖတ်ပြရှင်းလင်းခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပညာရေးမှူးဦးဌေး၀င်းက ဆေးရုံဆင်းခွင့်ပြုသူ(၂)ဦးအား အားပေးစကားပြောကြား ခဲ့ကာ တက်ရောက်လာသောဌာနဆိုင်ရာများ၊ ကျန်းမာရေး ၀န်ထမ်းများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များ ကလက်ခုပ်လက်ဝါးတီး၍ အားပေးခဲ့ကြောင်းနှင့် သဲကုန်းမြို့ပရဟိတနာရေးကူညီမှု အသင်းကားဖြင့် အိမ်တိုင်ယာ ရောက် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)