မင်းဘူး(စကု)မြို့နယ်မှ ခရမ်းချဉ်စိုက်တောင်သူများ ပေါ်ဦးပေါ်ဖျားဖြစ်သော်လည်း ခရမ်းချဉ် သီးဈေး ကျ၍ အခက်ကြုံ

မင်းဘူး  အောက်တိုဘာ  ၁

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ရေတွင်းကုန်း ကျေးရွာမှ ခရမ်းချဉ်စိုက် တောင်သူ များ သည်။ ခရမ်းချဉ်သီးပေါ်ချိန် ပေါ်ဦးပေါ်ဖျား ဖြစ်သော်လည်း ဈေးကျသည့်အချိန်နှင့် တိုက်ဆိုင် နေသဖြင့် အခက်ကြုံ နေကြကြောင်း ရေတွင်းကုန်းကျေးရွာမှ ခရမ်းချဉ်စိုက်တောင်သူ ကိုစန်းလွင် ထံမှ သိရသည်။

မင်းဘူးမြို့နယ်တွင် ဂျူလိုင်လနှင့် ဩဂုတ်လများက ခရမ်းချဉ်သီး တစ်ပိဿာလျှင်ကျပ် ၁၈၀၀၊ ၂၀၀၀ ဈေးရှိသော်လည်း ယခု စက်တင်ဘာလ ကုန်ခါနီးတွင် ခရမ်းချဉ်သီးဈေးများ ပြန်ကျ သွားကြောင်း ခရမ်းချဉ်သီးဈေး‌ကောင်းသည့်အချိန်က မင်းဘူးမြို့နယ် အတွင်းမှ ခရမ်းချဉ်စိုက် တောင်သူများသည်။ စိုက်ပျိုးသည့်အချိန် နောက်ကျနေသဖြင့် ခရမ်းချဉ်သီးများ ပေါ်သည့်အချိန်တွင် ရောင်းဈေး တစ်ပိ ဿာကျပ် ၁၀၀၀ ဈေးသာရှိတော့ကြောင်း သိရသည်။

"ကျွန်တော်ကတော့ ခရမ်းချဉ်အပြင် ငရုပ်လည်းနဲနဲ စိုက်ထားသေးတယ်ဗျ။ ငရုပ်က တွက်ခြေ ကိုက် ပေမဲ့ ခရမ်းချဉ်ဈေးက ကျသွားတော့ အရှုံးမပေါ်ပေမဲ့ အမြတ်နဲတာပေါ့ဗျာ။ ကျွန်တော်တို့ စိုက်ခင်း တွေက ရေလည်းပေါတယ်။ မြေကလည်းကောင်းတော့ အထွက်နှုန်းကတော့ မဆိုးပါဘူး။ ဒါပေမဲ့ သီးနှံ တွေ ပေါ်တဲ့အချိန် ဈေးတစ်ချက်ပဲ စောင့်ကြည့်ရမယ်။ သီးနှံလေးတွေ ဈေးကောင်း ရလျှင် အားလုံး အဆင်ပြေတာပေါ့ဗျာ။ သီးနှံစိုက်ခင်း အနေနဲ့ ခြေနိုင် လက်နိုင် ငရုပ်၊ ခရမ်းချဉ် ၂ မျိုးကို ၂ ဧကလောက်ပဲ စိုက်ပျိုးထားပါတယ်။ ဒီသီးနှံ နှစ်မျိုးက ကိုဗစ်-၁၉ ကာလ ဆိုပေမဲ့ ဈေးက အတက်အကျ မှန်တယ်လေ ဒါကြောင့် ဒီနှစ် မိုးသီးနှံအဖြစ် စိုက်ပျိုးဖြစ်တာပါ ဒါပေမဲ့ ခရမ်းချဉ်က ဒီထက် ဈေးမ ကျဖို့ဘဲ ဆုတောင်းပါတယ်ဗျာ '' ဟု ရေတွင်းကုန်းကျေးရွာမှ ခရမ်းချဉ်စိုက် တောင်သူ ကိုစန်းလွင် ကပြောသည်။

ဇေယျာထက် (မင်းဘူး)