မြို့သစ် အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊မြို့သစ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒုတိယအကြိမ် မဲဆန္ဒ ရှင်များစာရင်းကြေညာခြင်းကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြေညာလျက်ရှိရာ မင်းသာကျေးရွာ၌လည်း အောက်တိုဘာ လ ၁ ရက်နေ့ နံနက်ပိုင်း မှစ၍ ထုတ်ပြန်ကြော်ငြာထားကြောင်းသိရသည်။
အဆိုပါဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကိုအောက်တိုဘာလ ၁ ရက်နေ့ မှ ၁၄ ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာကပ်ထားပြီး ဆန္ဒမဲစာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ (၃)ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက် နေထိုင်သူများဖြစ်ပါက ပုံစံ-၃(က)ဖြင့် လျှောက်ထားခြင်း၊မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄) ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက် မှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်စီစစ်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံး စေရေးအတွက် မဲစာရင်းများလာရောက်ကြည့်ရှုကြရန် နိုးဆော်ထားကြောင်း သိရသည်။
ထွန်းမင်းအောင်(ကဘော်မြေ)