ကိုဗစ် - ၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေး ကရင်ပြည်နယ်မီးသတ်တပ်ဖွဲ့မှ Mask Camping ပြုလုပ်

ဘားအံ အောက်တိုဘာ ၁

ကိုဗစ် - ၁၉ ရောဂါ ပြည်တွင်းကူးစက်မှုနှုန်းမြင့်နေချိန်တွင် ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိသည့် ကရင်ပြည်နယ် မီးသတ်တပ်ဖွဲ့မှ ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်က ဘားအံမြို့ နာရီစင်မီးပွိုင့်လမ်းဆုံတွင် ကိုဗစ် - ၁၉ ရောဂါ တားဆီး ကာကွယ် ထိန်းချုပ်ရေး Mask Camping ကို ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ပြည်သူ့အကျိုးပြု Mask Camping အသိပညာပေးခြင်းကို ကရင်ပြည်နယ် မီးသတ်တပ်ဖွဲ့မှူး ဦးစိုးဝင်း ဦးစီး၍ သန္ဓေတပ်ဖွဲ့ဝင် ၃၀ ဦးက ဘားအံမြို့ ဗိုလ်ချုပ်လမ်း နာရီစင်မီးပွိုင့် လေးဘက် လေးတန်တွင် ယာဉ်သွားလာမှုကို အနှောင့်အယှက်မဖြစ်စေဘဲ မီးပွိုင့်ရပ်နားသည့်အခါ ဖြတ်သန်း လာသည့် မော်တော်ယာဉ်များနှင့် သွားလာလှုပ်ရှားနေကြသည့် ပြည်သူလူထုများထံ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

Mask Camping ကိုဦးစီးကျင်းပသည့် ကရင်ပြည်နယ်မီးသတ်ဦးစီးမှူး ဦးစိုးဝင်းက “ဒီအချိန်ကတော့ အရေးကြီးတဲ့အချိန်ဖြစ်လို့ အားလုံးပူးပေါင်း ပါဝင်ပြီး တော့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနကထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေ၊ စည်းကမ်းချက်တွေကို လိုက်နာဖို့လိုပါတယ်၊ လိုက်နာအောင် လည်း ကျွန်တော်တို့မီးသတ်တပ်ဖွဲ့အပါအဝင် ဌာနဆိုင်ရာတွေနဲ့ အဖွဲ့အစည်း အသီးသီးက စည်းရုံးသိမ်းသွင်းပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး နှိုးဆော် နေကြပါတယ်၊ လိုအပ်ရင်လိုအပ်သလို အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ တာဝန်ရှိပုဂ္ဂိုလ်တွေကနေပြီးတော့ တုံ့ပြန်အရေးယူ ဆောင်ရွက်မှုတွေ လုပ်မယ်ဆိုရင် လည်း  ကျွန်တော်တို့မီးသတ်တပ်ဖွဲ့အနေနဲ့ လိုအပ်တဲ့ နေရာကနေ ပူးပေါင်းပါဝင် ဆောင်ရွက်သွားပါမယ်”  ဟု ပြောသည်။

ကရင်ပြည်နယ် မီးသတ်တပ်ဖွဲ့အနေဖြင့် ခရိုင်လေးခရိုင်နှင့် မြို့နယ်(၇)မြို့နယ်တို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး Mask Camping ဖြင့် နှာခေါင်းစည်းများ အခမဲ့ပေးဝေနေ သည့်အပြင် Quarantine Center များတွင် ရေလိုအပ်မှုများရှိလာပါက အချိန်နှင့်တစ်ပြေးညီ ရေပေးဝေလှူဒါန်းပေးခြင်း၊ နယ်စပ်မြို့များဖြစ်သည့် မြဝတီ၊ ဘုရားသုံးဆူမြို့များတွင်လည်း နေရပ်သို့ပြန်လာကြသည့် ပြည်တော်ပြန်များအား ပြန်လည်ကြိုဆို နေရာချထားပို့ဆောင်ရာတွင် တာဝန်ရှိအဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ မြို့ဝင်၊ ထွက်ဂိတ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် တားဆီး ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များ စည်ကမ်းချက်များနှင့်အညီ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ဈေးများတွင် လိုက်နာ ဆောင်ရွက်ရမည့် အချက်များ ကို လိုက်နာဆောင်ရွက်မှုရှိမရှိ ပူးပေါင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)