တောင်တွင်းကြီး ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကွမ်းခြံစုကျေးရွာတွင် ပြည်သူ့၀န်ဆောင်မှုရုံး (OSS) ရွေ့လျား၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီက ကွမ်းခြံစုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာ၀န်ရှိသူတစ်ဦးမှ ပြည်သူ့၀န်ဆောင်မှုရုံး (OSS) တွင်၀န်ဆောင်မှု ပေးသည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အလုပ်သမား လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၊ အခွန်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆည်မြောင်း ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန တာ၀န်ရှိသူများက ကျေးရွာရှိပြည်သူများအား မှတ်ပုံတင်ပြုလုပ်ပေးခြင်းနှင့် အိမ်ထောင်စုပြုလုပ်ရပုံများ၊ ကျန်းမာရေးအကြောင်း သိကောင်းစရာများနှင့် ကိုရိုနာဗိုင်းရပ်အကြောင်း၊ VDP အစီအစဉ်ဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလမ်း ဖောက်လုပ်ပေးမည့် အခြေအနေများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်း၊ နွေစပါးစိုက်ပျိုးရန်နှင့် ရေရရှိရေးအချိန်မီ ဆောင်ရွက်ပေးမည်များ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ မိမိအမည်ပြောင်းလိုပါက အခွန်ရုံးနှင့် ချိတ်ဆက် ဆောင်ရွက်ရန်များ၊ အန္တရာယ်ရှိသော စားသောက်ကုန်များအကြောင်းနှင့် စားသုံးသူအခွင့်အရေးများ အကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာ၀န်ရှိသူများက အသီးသီး ပြန်လည် ဖြေကြားခဲ့သည်။
အခမ်းအနားသို့ ကျေးရွာပြည်သူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး ရွေ့လျား၀န်ဆောင်မှု လုပ်ငန်းများ အဖြစ် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျေးရွာရှိ ပြည်သူများ၏ ကျန်းမာရေးအား လက်တွေ့ကုသ ပေးခြင်း၊ မြို့နယ်အလုပ်သမား လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ကျေးရွာရှိ အိမ်ထောင်စု၀င်များအား အိမ်ထောင်စုများ ပြုလုပ်ပေးခြင်းတို့ ဆောက်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးမိုးမိုးမြင့်(ပြန်/ဆက်)