ပြည်မြို့နယ် မိန်းမရဲကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ

ပြည်  ဖေဖော်ဝါရီ  ၂၈

ပြည်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပြည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သော  “ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ” ပြည်သူ့စကားဝိုင်း (Public Talk) ကို မြွေရိုးကျေးရွာအုပ်စု၊ မိန်းမရဲကျေးရွာ ဘုန်းတော်ကြီးကျောင်း သာသနာ့ရောင်ခြည် ဓမ္မာရုံ၌ ယမန်နေ့မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကိုသန့် က ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် “ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပရာ  တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးအောင်ဆန်းဝင်း၊  သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းဇော်ထွေး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနနှင့် မြို့နယ်ဆည်မြောင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက စိုက်ပျိုးရေးနှင့် လယ်ယာမြေဆိုင်ရာ ကိစ္စရပ်များအကြောင်း၊  မျိုးစေ့ဥပဒေနှင့် မျိုးကောင်း မျိုးသန့် ရရှိစိုက်ပျိုးရေး ထုတ်လုပ်နိုင်ရေးအကြောင်း၊ ကျေးလက်လမ်းကိစ္စ၊ ကျေးလက် မီးလင်းရေးကိစ္စ၊ စိုက်ပျိုးရေးအတွက် ဆည်ရေရရှိရေးကိစ္စနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများအကြောင်းတို့ကို ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် ဒေသခံ ကျေးလက်ပြည်သူများက ဆွေးနွေးချက်များအပေါ် ကဏ္ဍအလိုက်  သိရှိလိုသည်များနှင့် ဒေသတွင်း လိုအပ်ချက်များကို ပြန်လည်မေးမြန်း ဆွေးနွေးကြပြီး လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းသို့ ပြည်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြွေရိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ လူမှုအဖွဲ့အစည်းများနှင့် ကျေးရွာပြည်သူများ တက်ရောက် ဆွေးနွေးကြောင်း သိရသည်။

မျိုးကျော်ကြီး (ပြန်/ဆက်)