ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ

စလင်း  ဖေဖော်ဝါရီ  ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ စည်သူခန်းမ၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မမငယ်က ပြည်သူများ သိရှိလိုက်နာနိုင်ရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများမှ အမည်၊ စီရင်ပိုင်ခွင့်နှင့်အဓိပ္ပာယ် ဖော်ပြချက်များ၊ ရည်ရွယ်ချက်များ၊ ကလေးသူငယ်ကို မွေးစားခြင်း၊ အခြားနည်းဖြင့်ပြုစု စောင့်ရှောက်ခြင်းများ၊ ကလေးသူငယ်များ အလုပ်လုပ်ကိုင်ခြင်းနှင့် အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းများ၊ ကလေးသူငယ်အပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်း၊ ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခ၊ ကလေးသူငယ်ကိုရောင်းချြခင်း၊ ပြည့်တန်ဆာ ပြုလုပ်ခိုင်းစေခြင်း၊ ကလေးသူငယ်ညစ်ညမ်းပုံ ပြုလုပ်ဖြန့်ဖြူးခြင်းနှင့် တရားခံလွှဲပြောင်းပေးခြင်း၊ ကလေးသူငယ်၏ ကျင့်ဝတ်စည်းကမ်းများနှင့် မိဘ၊ အုပ်ထိန်းသူနှင့် ဆရာ၊ ဆရာမများ၏ တာဝန်ဝတ္တရားများ စသည်တို့ကို ဆွေးနွေးအသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။

မောင်လွင်(ပြန်/ဆက်)