စလင်းမြို့နယ်တွင် ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာ

စလင်း အောက်တိုဘာ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ ရပ်ကွက်ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများတွင် ဒုတိယအကြိမ်မဲစာရင်း ကပ်ထားကြေညာခြင်းများကို အောက်တိုဘာလ ၁ ရက် နံနက်(၇)နာရီအချိန်မှစတင်၍ ကပ်ထားကြေငြာခြင်းများ ဆောင်ရွက်လျက်ရှိသည်။

စလင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရန် မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ရပ်ကွက် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များသည် ဒုတိယအကြိမ်မဲစာရင်း ပြည့်စုံမှန်ကန်မှုရှိစေရန် စက်တင်ဘာလအတွင်း ပြန်လည်စိစစ်ခဲ့ပြီးဖြစ်ရာ အောက်တိုဘာလ ၁ ရက်နေ့ နံနက်(၇) နာရီအချိန်တွင် ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေငြာခြင်းများကို ဆောင်ရွက်လျက်ရှိ သည်။

စလင်းမြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)တွင် အုပ်စု (၅၅ ) အုပ်စု၌ မဲဆန္ဒရှင်ဦးရေ (၉၆၁၂၃) ဦး၊ မဲရုံ (၁၄၉)ရုံနှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)တွင် အုပ်စု(၅၅)အုပ်စု၊ မဲဆန္ဒရှင်(၁၀၁၃၂၁)ဦးရှိပြီး မဲရုံ(၁၃၀)ရုံ၊ ချင်းအမျိုးသားလွှတ်တော်တွင် တိုင်းဒေသကြီး(၁)တွင် မဲဆန္ဒရှင်(၂၆၁)ဦးမဲရုံပေါင်း(၂၀)ရုံနှင့် တိုင်းဒေသကြီး(၂)တွင် မဲဆန္ဒရှင်(၉၉)ဦး၊ မဲရုံပေါင်း(၈)ရုံရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ရုံး၊ ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဒေါ်ဥမ္မာမြင့်ထံမှသိရှိရသည်။

မောင်လွင်(ပြန်/ဆက်)