ဘားအံ၊ အောက်တိုဘာ ၁
ကရင်ပြည်နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာခဲ့ရာ ပြည်နယ်တစ်ခုလုံးအနေဖြင့် ဆန္ဒမဲပေးခွင့်ရှိသူ ၁၁၉၂၀၅၁ ဦးရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ကရင်ပြည်နယ်တွင် မဲရုံပေါင်း ၈၅၂ ရုံဖြင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပ သွားမည်ဖြစ်ပြီး တစ်သီးပုဂ္ဂလ ၂၃ ဦးအပါအဝင် နိုင်ငံရေးပါတီ ၁၅ ပါတီမှ ပြည်သူ့လွှတ်တော်တွင် ၄၁ ဦး၊ အမျိုးသားလွှတ်တော်တွင် ၇၂ ဦး၊ ပြည်နယ်လွှတ်တော်တွင် ၉၃ ဦးနှင့် တိုင်းရင်းသားလူမျိုးရေးရာ ၂၇ ဦး စုစုပေါင်းကိုယ်စာလှယ်လောင်းဦးရေ ၂၃၃ ဦး အရွေးချယ်ခံယှဉ်ပြိုင်သွားကြမည်ဟု သိရသည်။ ဆန္ဒမဲပေးခွင့်ရှိသူ (၁၁၉၂၀၅၁) ဦးအနက် မသန်စွမ်းသူ (၁၆၂၃) ဦးပါဝင်ပါသည်။
ဘားအံမြို့နယ်တွင် ကျေးရွာအုပ်စု တစ်အုပ်စု၊ သံတောင်ကြီးမြို့နယ်တွင် ၈ အုပ်စု၊ ကော့ကရိတ်မြို့နယ်တွင် ၇ အုပ်စု၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၉ အုပ်စု၊ မြဝတီမြို့နယ်တွင် ၃ အုပ်စု၊ ဖါပွန်မြို့နယ်တွင် ၂၅ အုပ်စု စုစုပေါင်းကျေးရွာအုပ်စု ၅၃ အုပ်စုတို့မှာ ဝေးလံခက်ခဲပြီး နယ်မြေလုံခြုံရေးအခြေအနေများကြောင့် လူဦးရေစာရင်း ကောက်ယူနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
မြို့နယ်အလိုက် ဆန္ဒမဲပေးခွင့်ရှိသူများအနေဖြင့် ဘားအံမြို့နယ်တွင် ၃၆၄၁၄၄ ဦး၊ မဲရုံ ၂၃၀ ရုံ၊ လှိုင်းဘွဲမြို့နယ်တွင် ၂၃၆၆၀၀ဦး၊ မဲရုံ ၁၇၆ ရုံ၊ သံတောင်ကြီးမြို့နယ်တွင် ၆၁၀၆၅ ဦး၊ မဲရုံ ၉၅ ရုံ၊ ကော့ကရိတ်မြို့နယ်တွင် ၂၀၃၃၀၆ ဦး၊ မဲရုံ ၁၂၃ ရုံ၊ ကြအင်းဆိပ်ကြီးမြို့နယ်တွင် ၁၅၅၅၂၁ ဦး၊ မဲရုံ ၁၂၀ ရုံ၊ မြဝတီမြို့နယ်တွင် ၁၅၁၀၂၉ ဦး၊ မဲရုံ ၈၃ ရုံ၊ ဖါပွန်မြို့နယ်တွင် ၂၀၃၈၆ ဦး၊ မဲရုံ ၂၅ ရုံ ရှိကြောင်း သိရသည်။
ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာသည့် (၁၄) ရက်တာကာလအတွင်း ပုံစံ(၃)၊ (၃-က)၊ (၄)၊ (၄-ဂ)တို့ဖြင့် တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ဆောင်ရွက်နိုင်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိအမည်ပါဝင်မှု ရှိ/မရှိကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် အွန်လိုင်းမှတစ်ဆင့်လည်း ကြည့်ရှု့စစ်ဆေးနိုင်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)