ကသာ ဖေဖော်ဝါရီ ၂၈
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကသာမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ပြုလုပ်သည့် ကသာမြို့နယ်အတွင်းရှိ လက်ကိုင်ဖုန်းဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းရောင်းချသူများအား ဟန်းဆက်ဗူးခွံများပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချ စေရေးအတွက် အခွန်ဆိုင်ရာအသိပေး ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင် ကသာမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
ရှင်းလင်းပွဲတွင် ကသာမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ရင်က အခွန်ဆိုင်ရာရှင်းလင်းပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး ကုန်သွယ်လုပ်ငန်းခွန်ဆိုင်ရာ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ရန်နှင့် ကြိုတင်သတိပြုရမည့်အချက်များနှင့် အခွန်အခဆိုင်ရာများကို ဆက်လက် ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့သည်။
ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် လက်ကိုင်ဖုန်းဟန်းဆက်(Handset) ဗူးခွံများပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်းလုပ်ငန်းအစီအစဉ်အား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁) ရက်နေ့မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်ကာလအထိ (၆)လကျော် ကြာခဲ့ပြီဖြစ်ပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများလည်း တိုးမြှင့်ကောက်ခံ ရရှိခဲ့ပြီးဖြစ်သည်။
ကသာမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် မတ်လ(၁)ရက်နေ့မှစ၍ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များအား သွားရောက် စစ်ဆေးမည်ဖြစ်ပြီး အခွန်အမှတ် တံဆိပ်ကပ်နှိပ်ထားခြင်းမရှိသည့် ပစ္စည်းများကို သိမ်းဆည်း ခြင်းနှင့် လက်ဝယ်တွေ့ရှိသူများအား ယင်းကုန်စည်တန်ဖိုး၏(၁၀၀%) ဒဏ်ကြေးပေးဆောင် ခြင်းအပြင် အကောက်ခွန်ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ကသာမြို့ပေါ်တွင် ဟန်းဆက်အရောင်းဆိုင်(၂၀)ဝန်းကျင်ရှိပြီး ယခုရှင်းလင်းပွဲသို့ မတက်ရောက်နိုင်သော ဟန်းဆက် အရောင်းဆိုင်များအား အသိပေးအကြောင်းကြားသွားမည်ဖြစ်ကြေင်း၊ အဆိုပါ ရှင်းလင်းပွဲကို ကသာခရိုင်အတွင်း ကျန်ရှိနေသော မြို့နယ်များတွင်လည်း ဖေဖော်ဝါရီလ (၂၈)ရက်နေ့ နောက်ဆုံးထားပြီး ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲအောင်(ကသာ)