မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကြေငြာ

ကျိုက်မရော  အောက်တိုဘာ     ၁

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မဲဆန္ဒရှင် စာရင်းများအား ဒုတိယအကြိမ် အဖြစ် ၁၄ ကြာထပ်မံကြေငြာခြင်းကို ကျိုက်မရောမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ကပ်ထားကြေငြာ ထားကြောင်း သိရ သည်။

အဆိုပါ မဲဆန္ဒရှင်စာရင်း များကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၄ ရက်နေ့ထိ ဒုတိယအကြိမ်အဖြစ် ၁၄ ရက်ကြာ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး များတွင် ကပ်ထား ကြေငြာ ပေးထား မည်ဖြစ်ပြီး မဲဆန္ဒရှင် ပြည်သူများကမဲစာရင်း များကို လာရောက်ကြည့်ရှုစစ်ဆေး၍ မိမိအမည် မဲစာရင်းတွင်  မပါဝင်ပါက ပုံစံ ၃ ဖြင့် မိမိအမည်မဲစာရင်း တွင် ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ အချက်အလက်များမှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက် နိုင်ပြီး လိုအပ်သည့်ပုံစံများကိုလည်း ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရ ယူနိုင် ကြောင်းသိရသည်။

အဆိုပါမဲစာရင်းများကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၅ ရက်မှ ဩဂုတ်လ ၁၄ ရက်အထိ ပထမအကြိမ် ကပ်ထားကြေငြာခဲ့ပြီး ယခုအကြိမ်ကပ်ထား ကြေငြာခြင်းမှာ ဒုတိယအကြိမ်ကပ်ထားပေးခြင်း ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရွေးကောက်ပွဲနေ့တွင် လွယ်ကူစွာ မဲပေးနိုင်ရေးအတွက် အိမ်ထောင်စု တစ်စု လျှင် အနည်းဆုံးတစ်ဦး လာရောက်ကြည်ရှုကြရန်နှင့် မိမိနှင့် မိသားစုများ၏ မဲစာရင်းအမှတ်စဉ် များကို မှတ်သားထားခြင်းဖြင့် ရွေးကောက်ပွဲနေ့ မဲရုံတွင် မဲလက်မှတ် ထုတ်ယူရာ ၌အချိန်ကုန်သက်သာ စေရေး ပူးပေါင်းကူညီပေးကြရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးကြေငြာထားသည်။

အထွေထွေရွေးကောက်ပွဲကြီးကို၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ရာ ကျိုက်မရောမြို့နယ်၌ မဲရုံ ပေါင်း(၉၈)ရုံ လျာထားသတ်မှတ်ထားပြီး မဲဆန္ဒရှင်ဦးရေမှာ (၁၈၀၇၈၁) ဦးရှိပြီး နိုင်ငံရေးပါတီ(၉)ခုမှ ကိုယ်စားလှယ်လောင်း (၂၇)ဦး ဝင်ရောက်အရွေးခံ ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ ဆက်)