ဘားအံပြည်သူ့ဆေးရုံကြီးမှ ကိုဗစ် - ၁၉ အတည်ပြုလူနာ (၃) ဦး ပြန်လည်ကျန်းမာလာ၍ ယနေ့ဆေးရုံမှဆင်း

ဘားအံ၊ အောက်တိုဘာ ၁

ကရင်ပြည်နယ်၊ ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ် ၁၉ အတည်ပြုလူနာများကို သီးသန့်လူနာဆောင် (Isolation Unit)တွင် ထားရှိ၍ အထူးကြပ်မတ်ကုသပေးလျက်ရှိရာ အောက်တိုဘာလ ၁ ရက်နေ့တွင် အတည်ပြု ပိုးတွေ့ လူနာ ၃ ဦးမှာ ပြန်လည်ကျန်းမာလာ၍ ဆေးရုံမှ ဆင်းသွားကြပြီ ဖြစ်သည်။

ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)တွင် ပြည်နယ်အတွင်း ပိုးစတင်တွေ့ရှိခဲ့သည် မေလ ၁၈ ရက်နေ့မှ ယနေ့ထိ ကိုဗစ် ၁၉ အတည်ပြုလူနာ ၁၃ ဦးကို ဆေးကုသမှုပေးခဲ့ပြီး တစ်ဦးမျှသေဆုံးမှုမရှိဘဲ ယနေ့နံနက်ပိုင်းတွင် လှိုင်းဘွဲမြို့နယ် ကျောက်တောင်ကျေးရွာနှင့်ကွမ်ဘီကျေးရွာတို့မှ အတည်ပြုလူနာ နှစ်ဦး၊ နေ့လည်ပိုင်းတွင် ကမမောင်းမှ အတည်ပြုလူနာတစ်ဦး စုစုပေါင်း သုံးဦး ဆေးရုံမှဆင်းခဲ့ပြီး အမျိုးသားဓါတ်ခွဲခန်းမှ အတည်ပြုလူနာ ၃ ဦး ကျန်ရှိပြီးကျန်းမာရေးကောင်း မွန်လျက်ရှိကြောင်း သိရသည်။

“ခါတိုင်းလိုတော့ အကြာကြီးမထားတော့ဘူး၊ ပုံမှန် ၁၁ ရက်ဘဲထားတော့တာပေါ့၊ ဒီ ၁၁ ရက်အတွင်းမှာ သူ့တို့ကို အခြေ အနေစောင့်ကြည့်တယ်၊ လိုတဲ့ဆေးလေးတွေတိုက်တယ်၊ ၁၁ ရက်အတွင်းဘာမှမဖြစ်တော့ဆိုရင် ၁၂ ရက်ပြည့်တဲ့နေ့မှာ ပေးပြီးတော့ပြန်တယ်၊ အရင်တုန်းကတော့ ၂ ခါNegative  ဖြစ်မှပေးပြန်တာပေါ့၊ အခုကျတော့ နောက်ပိုင်း တွေ့ရှိ ချက်တွေအရ ၁၁ ရက်လောက်ဆိုရင် ဒီကိုဗစ်ပိုးသည် အသက်မဝင်တော့ဘူးပေါ့၊ အဲဒီနောက်မှာစစ်ဆေးလို့ပိုးတွေ့ရင် တောင်မှ ဒီပိုးဟာ အပိုင်းအစသာလျှင် ဖြစ်တယ်၊ အသက်မဝင်ဘူး၊ သူများကိုမကူးနိုင်ဘူးဆိုတာကို နိုင်ငံတကာ ပညာရှင်တွေ တွေ့ရှိလာတဲ့ အခါကျတော့ ဒီ ၁၁ ရက်ပြည့်ပြီဆိုရင် တန်းပြီးပေးပြန်ပါတယ်၊ ခါတိုင်းလိုပြန်ပြီး မစစ်တော့ဘူး၊ ၁၁ ရက်ထိ ထိန်းထားတယ်၊ ၁၁ ရက် ပြည့်ပြီးတာနဲ့လူကျန်းမာတယ်ဆိုရင် ပေးပြီးတော့ပြန်လိုက်တယ် ” ဟု ကိုဗစ်လူနာများကို ကြပ်မတ်ကုသပေးနေသည့် ဘားအံပြည်သူဆေးရုံကြီးမှ  ဆေးပညာအထူးကုဆရာဝန်ကြီး ဒေါက်တာချိုချိုစန်းထူးက ပြောသည်။

ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများမဟုတ်ဘဲ ပြည်တွင်းကူးစက်မှုများမြင့်တက်နေသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာရန်လိုအပ်ပြီး ပါးစပ်နှင့်နှာခေါင်းစည်း Mask များတပ်ဆင်ရန်၊ လူစုလူဝေးမပြုကြရန်၊ တစ်ကိုယ်ရေလိုက်နာ ရမည့် လက်ဆေးခြင်း၊ လက်နှင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို မထိတွေ့စေခြင်း၊ မိမိတို့နေအိမ်တွင်သာနေထိုင်ပြီး မလိုအပ်ဘဲ အပြင်သို့သွားလာနေထိုင်ခြင်းများကို ရှောင်းရှားမည်ဆိုပါက ကိုဗစ် ၁၉ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)