အုတ်ဖို အောက်တိုဘာ ၁
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ရွေးကောက်ပွဲဆိုင်ရာ အထူးရဲ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇နာရီမှစတင်၍ အ.ထ.ကအုတ်ဖို၊ အ.ထ.က(ခွဲ) လသာကုန်း၊ အုတ်ဖိုမြို့မရဲစခန်း၊ အ.ထ.က အေးမြသာယာ၊ အေးမြသာယာ နယ်မြေရဲစခန်းနှင့် အိုးသည်ကုန်းနယ်မြေရဲစခန်းတို့တွင် လူစုလူဝေး မဖြစ်ပေါ်စေရန် (၆)နေရာ ခွဲကာ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော် ဇင်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းလွင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးမျိုးမင်းထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိများနှင့် အထူးရဲသင်တန်းသားများတက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြို့နယ် ရဲတပ်ဖွဲမှူး ရဲမှူးထွန်းလွင် က သင်တန်းဖွင့်မိန့်ခွန်းပြောကြားရာ “ပြည်ထဲရေးဝန်ကြီးဌာနမှ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် လုံခြုံရေးအပြည့်အဝ ရယူဆောင်ရွက် နိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ လက်ရှိအင်အားဖြင့် လုံလောက်မှုမရှိတဲ့အတွက် အထူးရဲများ ခန့်အပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အထူးရဲများအနေဖြင့် ရွေးကောက်ပွဲကြီးအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရန် ဒီသင်တန်းကို တက်ရောက် နေကြခြင်း ဖြစ်တယ်ဆိုတဲ့ ခံယူချက် အပြည့်အဝထားရှိ သင်ယူကြရန်လိုကြောင်း”ပြောကြားသည်။
အဆိုပါသင်တန်းကို မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီး၍ ရဲအရာရှိများက အထူးရဲသင်တန်းသား(၁၂၆)ဦး အား သင်တန်းကာလ(၂၈)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ကြောင်းသိရသည်။
အောင်သူ(အုတ်ဖို)