ကျောက်တံခါး အောက်တိုဘာ ၁
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ဖို့တကျေးရွာမှ အဝင်အထွက်ကန့်သတ်ထားသည့် အိမ်ထောင်စု (၇၈) စုအတွက် အလှူရှင်များက အခြေခံ စားသောက်ကုန်နှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများအား ယမန်နေ့က လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့လှူဒါန်းရာတွင် ဦးသိန်းထိုက်အောင်နှင့် သူငယ်ချင်းများ၊ ကျောက်တံခါးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပူးပေါင်း ကော်မတီနှင့် ပဲနွယ်ကုန်းမြို့ တစ်ရာစွမ်းအား (Hundred Power) ကျန်းမာရေးနှင့် ပညာရေး အထောက်အကူပြုအဖွဲ့တို့မှ ဖို့တကျေးရွာအတွင်းရှိ အဝင်အထွက် ကန့်သတ်ထားသည့် အိမ်ထောင်စု(၇၈)စုအတွက် ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ပဲနီလေး၊အာလူး၊ ငါးသေတ္တာ၊ ဆပ်ပြာမှုန့်၊နှစ်ပြန်ကြော်၊ အေဝမ်းမုန့်စသည့် အခြေခံ စားသောက်ကုန်များနှင့် ကြက်သား၊ငရုပ်သီးစိမ်း၊ ခရမ်းခေါင်းသီးများ၊ သောက်ရေသန့်၊ အချိုရည်၊ နှာခေါင်းစည်း (Mask)၊ လက်သန့်ဆေး (Hand Gel) တို့ကို လာရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဖို့တကျေးရွာတွင် အိမ်ထောင်စု(၇၈)စု ၊ လူဦးရေ(၃၁၁)ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာ(၄)ဦး တွေ့ရှိသည့်အတွက် စက်တင်ဘာလ (၂၉)ရက်နေ့မှစတင်၍ အဝင်အထွက် ကန့်သတ် ထားကြောင်းသိရှိရသည်။
စန်းစန်း(ပြန်/ဆက်)