ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကြေညာမှုအား ပြည်သူများ လာရောက် ကြည့်ရှု

ဒဂုံမြောက် အောက်တိုဘာ ၁

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် နောက်ဆုံးအကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်ကော်မရှင်ရုံးများတွင် အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်း မှစတင်၍ ကပ်ထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပထမအကြိမ် ကြေငြာသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ (၁)ရက်နေ့မှစတင်၍ အောက်တိုဘာလ (၁၄) ရက်နေ့အထိ နောက်ဆုံးအကြိမ် အဖြစ်(၁၄)ရက်ကြာ ထပ်မံကပ်ထား ကြေညာပေးသွားမည်ဖြစ်သည်။ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် သည် Stay At Home မြို့နယ်တွင် ပါဝင်သဖြင့် မဲဆန္ဒရှင်စာရင်းများ လာရောက် ကြည့်ရှုရာတွင် အခက်အခဲရှိနိုင်သဖြင့် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်မှုရှိ/မရှိနှင့် အချက်အလက်များကို စစ်ဆေးနိုင်ရန် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၁) ရက်နေ့မှ စတင်ကာ  https://bit.ly/yangon-voters  တွင် Online စနစ်ဖြင့် မဲစာရင်း စစ်ဆေးခြင်းကို ဆောင်ရွက်နိုင်ကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး များတွင် လည်း လူကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စား လွှဲအပ်ခံရသူ (သို့မဟုတ်) ရပ်ကွက်နေ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဦး၏ အကူအညီဖြင့်လည်းကောင်း လာရောက်လျှောက်ထား ဆောင်ရွက် နိုင်ရန် စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား(၇၄,၄၈၆)ဦး၊ မ (၈၆,၁၀၃)ဦး၊ စုစုပေါင်း (၁၆၀,၅၈၉)ဦး ရှိကြောင်း မြို့နယ် ကော်မရှင်ရုံးမှသိရသည်။

 မြင့်မြင့်ရီ(ပြန်/ဆက်)