မြောက်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ဘိုးဘွား (၂၃၉၄)ဦးအား ထောက်ပံ့ငွေများ ပေးအပ်

မြောက်ဥက္ကလာပ  အောက်တိုဘာ  ၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားကုစားမှု အစီအစဉ်အရ မြို့နယ်အတွင်းရှိ  ဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀နာရီက စတင်၍ ရွှေပေါက်ကံရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ ဘိုးဘွားများ၏ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်၍ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရဿည်။

အဆိုပါ တစ်အိမ်တက်ဆင်း ဘိုးဘွားများ လက်ဝယ်အရောက် ပေးအပ်ရာတွင် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်အထက် ဘိုးဘွား (၂၅၇)ဦး၊ အသက်(၈၀)နှင့် (၈၅)နှစ်ကြားရှိ ဘိုးဘွား (၂၁၃၇)အတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ဘိုးဘွား (၂၃၉၄)ဦးအတွက် ငွေကျပ် (၇၁,၈၂၀,၀၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဘိုးဘွားများ၏ စားဝတ်နေရေးနှင့် ဆေးကုသရေးအတွက် ပိုမိုအထောက်အကူဖြစ်စေရန် ထောက်ပံ့ခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

မြမြဝင်း (ပြန်/ဆက်)