လက်ပံတန်းမြို့နယ်၌ နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် စတင် ကပ်ထားကြေညာ

လက်ပံတန်း အောက်တိုဘာ ၁

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းများကို လက်ပံတန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အောက်တိုဘာ ၁၄ ရက်နေ့အထိ  နောက်ဆုံးအကြိမ်အဖြစ် ၁၄ ရက် တိတိ ကပ်ထားကြေညာ သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာထားစဉ်  မဲဆန္ဒရှင်များက လာရောက် ကြည့်ရှု စစ်ဆေးပြီး မိမိတို့၏ အမည်များ မဲစာရင်းတွင် ပါဝင်မှုမရှိခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေခြင်း၊ မဲဆန္ဒရှင်စာရင်းပါ အချက်အလက်များ မှားယွင်းနေခြင်းတို့ ရှိပါက မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာစဉ်အတွင်း ပြန်လည်ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်ပေးရန် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် သတ်မှတ်ပုံစံများဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် နောက်ဆုံးအကြိမ် ကပ်ထားကြေညာထားသည့် မဲဆန္ဒရှင်စာရင်း အရ မဲပေးပိုင်ခွင့်ရှိသူ ၁၃၃၆၉၄ ဦးရှိပြီး လျာထားမဲရုံ ၁၇၆ ရုံရှိကြောင်း သိရသည်။

ဝင့်နန္ဒာဌေး