ကဝ အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒုတိယအကြိမ် မဲဆန္ဒရှင်များ စာရင်းကြေညာခြင်းကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာလ(၁)ရက်နေ့ နံနက်ပိုင်းမှစ၍ ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည်။
အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ (၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာကပ်ထားပြီး ဆန္ဒမဲစာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့်အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက်နေထိုင် သူများ ဖြစ်ပါက ပုံစံ-၃(က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင် နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်စီစစ်၍ ဆောင်ရွက် သွားမည် ဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေး အတွက် မဲစာရင်းများ လာရောက်ကြည့်ရှုကြရန်နှိုးဆော်ထားကြောင်းသိရသည်။
ချစ်နှင်းသုန် (ပြန်/ဆက်)