မင်းဘူးမြို့တွင် အာမခံအလုပ်သမားနှစ်ဦး အလုပ်တွင်ထိခိုက်သေဆုံးမှုကြောင့် ကျန် ရစ်သူမိသားစုအား အကျိုးခံစားခွင့် ငွေကျပ် သိန်း ၁၆၀ ကျော် ထုတ်ပေး

မင်းဘူး အောက်တိုဘာ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ မြို့နယ်လူမှုဖူလုံရေးရုံး၌ အကျုံးဝင် မှတ်ပုံတင်ထားသည့် မန်းရေနံမြေမှ အာမခံအလုပ်သမားတစ်ဦးနှင့် မင်းဘူးမြို့ရှိ ရိုမီယိုနှင့် ညီများ ကားပစ္စည်းအရောင်းဆိုင်မှ ဆိုင်တာဝန်ခံတစ်ဦးတို့အား အလုပ်တွင် ထိခိုက်သေဆုံးမှု ကြောင့် မြို့နယ်လူမှုဖူလုံရေးရုံးက နိုင်ငံတော်မှထောက်ပံ့သော ကျန်ရစ်သူအကျိုး ခံစားခွင့် ငွေကျပ်သိန်း ၁၆၀ ကျော် ထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မင်းဘူးမြို့ မန်းရေနံမြေစုပေါင်းရုံး အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့နယ်လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ မန်းရေနံမြေမှ အာမခံအလုပ်သမား ဦးဇော်မင်းထက်သည် ဇူလိုင်လ ၂၉ ရက်နေ့က မန်းရေနံမြေအိမ်ရာ(၄)တွင် လျပ်စစ်လိုင်းများစစ်ဆေးရန် မျက်နှာကျက် ပေါ်သို့ တက်ပြီး မီးလိုင်းပြုပြင်ရာမှ ဓာတ်လိုက်သေဆုံးခဲ့သည်။ မင်းဘူးမြို့ရှိ ရိုမီယိုနှင့် ညီများ ကားပစ္စည်းအရောင်းဆိုင်မှ ဆိုင်တာဝန်ခံ အာမခံအလုပ်သမား ဦးဆလိုင်းတင်မင်းထွေးသည် မေလ ၅ ရက်နေ့က လုပ်ငန်းခွင်မှ အပြန် မင်းဘူးမြို့အဝင်ဂိတ်အနီးတွင် ယာဉ်မတော်တဆ မှုဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းခွင်တွင်ထိခိုက်သေဆုံးခဲ့သော အာမခံအလုပ်သမား ဦးဇော်မင်းထက်၏ သေဆုံးမှုအတွက် ငွေကျပ် သိန်း(၉၀)နှင့် ဦးဆလိုင်းတင်မင်းထွေး၏  သေဆုံးမှုအတွက် ငွေကျပ် (၇၂)သိန်း၊ စုစုပေါင်း ငွေကျပ် (၁၆၂)သိန်း ကို ကျန်ရစ်သူအကျိုးခံစားခွင့်ရှိသည့် မိသားစုဝင်များထံ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ထုတ်ပေး ခြင်း ဖြစ်ကြောင်း မင်းဘူး မြို့နယ်လူမှုဖူလုံရေးရုံး ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးထံမှ သိရ သည်။

မောင်မောင် (မင်းဘူး)