တမူး အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ရပ်ကွက်နှင့် ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားမှုများအား ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဝင်း၊ အတွင်းရေးမှူး ဦးရဲထက်စိုးနှင့် ကော်မရှင် အဖွဲ့ဝင်များက ယမန်နေ့ ညနေ (၃) နာရီခွဲအချိန်ကမြို့ပေါ်ရပ်ကွက်များဖြစ်သည့် စျေးတန်းရပ်ကွက်၊ မြို့မရပ်ကွက်၊ စော်ဘွားရပ်ကွက်နှင့် စန္ဒကူး ရပ်ကွက်တို့ရှိ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရပ်ကွက်ကော်မရှင် အဖွဲ့ဝင် များအား ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် နိုးဆော်ပေးရန်၊ မဲဆန္ဒရှင်များ လာရောက်ကြည့်ရှုများအပေါ် ကူညီဆောင်ရွက်ပေးရန်၊ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်နိုင် ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရှိရသည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားမှုကို အောက်တိုဘာ(၁)ရက်နေ့မှ(၁၄)ရက်နေ့အထိ ကပ် ထား ကြေညာပေးသွားမည် ဖြစ်ပြီး တမူးခရိုင်တွင် နောက်ဆုံးအကြိမ် ကပ်ထားကြေညာထားသည့် မဲဆန္ဒရှငစာရင်းများအရ မဲပေးပိုင်ခွင့်ရှိသူ (၈၁၇၆၉) ဦး ရှိပြီး လျာထားမဲရုံ (၇၆) ရုံရှိကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးရဲထက်စိုးထံမှ သိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)