ကသာ ဖေဖော်ဝါရီ ၂၈
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကသာခရိုင်ဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ကသာခရိုင်အတွင်းရှိ မြို့နယ် များမှ (၂၀၁၉-၂၀၂၀) ပညာသင်နှစ်တွင် ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူ များအား သစ္စာစီမံချက်အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် ကျေးရွာများအား အိမ်ထောင်စု လူဦးရေစာရင်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ကသာမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေး (ညွှန်ကြားရေးမှူး) က မိဘပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် နိုင်ငံသား ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူ၊ စစ်ကိုင်း တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေး (ညွှန်ကြားရေးမှူး)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွန်း၊ ကသာခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ကသာခရိုင်ဦးစီးမှူး ဦးထွန်းအောင်ကျော် (ဒုတိယညွှန်ကြားရေးမှူး) နှင့် တာဝန်ရှိသူ များက ကသာခရိုင်အတွင်းရှိ (၂၀၁၉-၂၀၂၀) ပညာသင်နှစ်အတွင်း စာသင်ကျောင်း (၁၈၃) ကျောင်းမှ ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြား (၃၂၉၆၅) ကတ်နှင့် ကျေးရွာများအတွက် အိမ်ထောင်စုလူဦးရေ စာရင်း (၁၆၅၀၇) စုတို့ကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွန်းက ပြည်သူလူထုကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ကသာခရိုင်တွင် မြို့နယ် (၇) ခုရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကသာ ခရိုင်ဦးစီးမှူး ရုံးအနေဖြင့် ကသာမြို့နယ်ရှိ (၂၇) ကျောင်းအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား (၉၂၈၂) ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း(၃၂၇၄)စု၊ အင်းတော်မြို့နယ်ရှိ (၅၂) ကျောင်း အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၉၇၇) ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၂၃၇၂) စု၊ ထီးချိုင့်မြို့နယ်ရှိ (၃၀) ကျောင်းအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၇၂၈) ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၁၅၁၁) စု၊ ဗန်းမောက်မြို့နယ်ရှိ (၃၄) ကျောင်းအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား (၃၄၇၆) ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၄၉၀) စု၊ ကောလင်း မြို့နယ်ရှိ (၁၃) ကျောင်းအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၇၁၇) ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၇၈၄၀) စု၊ ဝန်းသိုမြို့နယ်ရှိ (၉) ကျောင်းအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၂၂၈၅) ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၄၉၃) စုနှင့် ပင်လည်ဘူးမြို့နယ်ရှိ (၁၈) ကျောင်းအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၅၀၀) ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၅၂၇) စု၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားပေါင်း (၃၂၉၆၅) ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ပေါင်း (၁၆၅၀၇) စုတို့ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အခမ်းအနားတွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူ၊ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကျေးရွာရှိ ဒေသခံပြည်သူများ တက်ရောက်ကြောင်း သိရသည်။
ရဲအောင်(ကသာ)