ကျောက်ကြီးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ် ကပ်ထားကြေညာထားရှိမှုအား မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကျောက်ကြီး အောက်တိုဘာ ၂

၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရရှိမည့်သူများ စာရင်းကို ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ရပ်/ကျေး အုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရှိမှုအား ယမန်နေ့နေ့လယ် (၁၂)နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းအား ကပ်ထားကြေညာရာတွင် ပိုမိုပြည့်စုံမှန်ကန်စေရေးအတွက် ပထမအကြိမ် စာရင်းကပ်ထားကြေညာစဉ်က တောင်းဆိုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်းများအား ဖြည့်စွက်ပြီး မဲဆန္ဒရှင်စာရင်း အားလုံးကို ယခု အောက်တိုဘာ(၁)ရက်နေ့မှ အောက်တိုဘာ(၁၄)ရက်နေ့ထိ ကပ်ထားကြေညာ ထားသည်ဖြစ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရပ်ကွက်ကျေးရွာ အုပ်စုများ အတွင်းရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို မဲဆန္ဒရှင်စာရင်းများ မကျန်ရှိအောင် စစ်ဆေးသွားရန်နှင့် အခြားလိုအပ်ချက်များ စီမံ ဆောင်ရွက်ထားရန် အုပ်ချုပ်ရေးမှူးများနှင့် ကော်မရှင်ဥက္ကဋ္ဌ အဖွဲ့ဝင်များအား မှာကြားဆောင်ရွက်ခဲ့သည်။

ကျောက်ကြီးမြို့နယ်တွင် ရပ်ကွက်(၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃၄)အုပ်စု၌ မဲရုံပေါင်း(၁၄၆)ရုံအတွက် ဒုတိယအကြိမ်အဖြစ် ကြေညာထားရာ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၈၇၇၀၅) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။

K ခိုင် ပြန်/ဆက်