လှိုင်းဘွဲ၊ အောက်တိုဘာလ ၂
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကာလတွင် မဲရုံအသီးသီး၌ မဲလုံခြုံရေး တာဝန် ထမ်းဆောင်ရန် အထူးရဲ သင်တန်းဖွင့်ပွဲကို ယမန်နေ့က အလက(၂)ကျောင်း၌ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် လှိုင်းဘွဲမြို့နယ်မှူး ရဲမှူး ဆန်းဦးက ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရန် ရည်ရွယ်၍ ရဲကျင့်ဝတ် ဘာသာရပ်၊ ဥပဒေ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်တတ်စေရန် အထူးရဲသင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းကို အထူးရဲတပ်ဖွဲ့များဝင်များ၏ သိရှိလိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေ စည်းကမ်းများ၊ အမိန့်နှင့်ညွန်ကြားချက်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများကို အောက်တိုဘာ(၁)ရက်နေ့မှ(၂၈)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ပြီး သင်တန်းနည်းပြ (၂၀)ဦးနှင့်အထူးရဲတပ်ဖွဲ့ (၈၈) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)