ရွှေဘို အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် သန်း(၃၅၀၀) ကျော်ဖြင့် ဆောင်ရွက်ထားရှိသော မြို့ရှောင်လမ်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ ဖြတ်သန်းသွားလာခွင့် ပြုထားပြီဖြစ်ကြောင်း ရွှေဘို ခရိုင်လမ်းဦးစီးဌာနမှသိရသည်။
အဆိုပါမြို့ရှောင်လမ်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုငွေ ၆၉၁.၂၀၅ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုငွေ ၈၃၄.၈၀၀ သန်း နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် ခွင့်ပြုငွေ ၂၀၄၈.၇၈၃ သန်း ၊ စုစုပေါင်း ခွင့်ပြုဘဏ္ဍာရန်ပုံငွေ ၃၅၇၄.၇၈၈ သန်းဖြင့် လမ်းအရှည် အလျား ၃ မိုင် ၆ ဖာလုံ အကျယ် ၂၄ ပေ ၊ ထု ၁၁ လက်မဖြင့် ကွန်ကရစ်လမ်း အမျိုးအစားနှင့် အဆိုပါလမ်းတစ်လျောက်တွင် တံတားကြီး ၂ စင်း၊ တံတားလတ် ၃ စင်း ၊ တံတားငယ် ၁၅ စင်း ပါဝင်ကြောင်းသိရသည်။
အဆိုပါ ကွန်ကရစ်လမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် (၁၃၀၆.၁၀၀)သန်းဖြင့် တင်ဒါ အောင်မြင်သော Royal Nine ကုမ္မဏီနှင့် Design Future ကုမ္မဏီတို့မှ တာဝန်ယူဆောက်လုပ် ခဲ့ခြင်းဖြစ်ကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့မှ စစ်ဆေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ဖြတ်သန်း သွားလာခွင့်ပြုခဲ့ကြောင်း ရွှေဘိုခရိုင်လမ်း ဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၁ (မြို့ပြ) ဦးသန်းဌေး၏ ပြောပြချက်အရ သိရှိရပါသည်။
“ကျွန်မတို့ ရွှေဘိုမြို့ဟာ အောက်ပိုင်းမှာရှိတဲ့ မန္တလေးတိုင်းဘက်က မြို့နယ်များနှင့် အထက်ပိုင်းမှာရှိတဲ့ မိုးကုတ်၊ မြစ်ကြီးနားမြို့တွေကို ဆက်သွယ်သွားလာနေတဲ့ အဓိကလမ်းမ ကြီး ပေါ်မှာရှိတဲ့ မြို့ဖြစ်ပြီး ယာဉ်များဖြတ်သန်းသွားလာတဲ့အခါ မြို့ထဲမှာရှိတဲ့လမ်းမတော် တစ်လမ်းထဲကသာဖြတ်သန်း သွားလာနေရတဲ့အတွက် မြို့ထဲမှာ ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်မတော်တဆမှုများအတွက် စိုးရိမ်ရပါတယ်။ ဒါကြောင့် ရွှေဘိုမြို့နယ်က ပြည်သူများရဲ့ တောင်းဆိုချက်အရ မြို့ရှောင်လမ်းကို ပြည်ထောင်စု လွှတ်တော်သို့တင်ပြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” ဟု ရွှေဘိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်က ပြောပြပါတယ်။
ယာဉ်များ မြို့ထဲကနေ ဖြတ်သန်းသွားလာတဲ့အခါ ယာဉ်တိုက်မှုများအတွက် စိုးရိမ်ရသလို၊ မြို့တွင်းလမ်းများလည်း ပျက်စီးမှုများရှိပြီး ၊ ညပိုင်းမှာ ကုန်တငိယာဉ်ကြီးများ သွားလာတဲ့အခါ ဆူညံမှုများရှိပြီး သက်ကြီးရွယ်အိုများ အတွက် ကျန်းမာရေးပိုင်းဆိုင်ရာ ထိခိုက်မှုရှိကြောင်းနှင့် ယခုလိုမြို့ရှောင်လမ်းကြီးပြီးသွားတဲ့အတွက် မြို့တွင်းမှာ သွားရေးလာရေးပိုအဆင်ပြေ လာသ လို၊ ကိုဗစ်ကာလမှာ အခြားမြို့နယ်အဝေးက ယာဉ်များလည်း မြို့ထဲကနေ ဖြတ်သန်းသွား လာစရာ မလိုတော့တဲ့အတွက် ပို၍ပင်ကောင်းမွန်ကြောင်း ရွှေဘိုမြို့နေ ဦးအောင်မြတ်ထွန်း မှပြောကြားသည်။
ထွန်းမြင့်အောင်(ရွှေဘို)