လှိုင်းဘွဲ အောက်တိုဘာလ ၂
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လှိုင်းဘွဲမြို့ပေါ်(၄)ရပ်ကွက်ရှိ ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာထားရှိမှု အခြေအနေများကို ယမန်နေ့က ပြည်နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်အထွေထွေရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးမန်းကျော်ဝင်းမော်နှင့်အဖွဲ့ဝင်များက မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် များ၏ စာရင်းများကို ဒုတိယအကြိမ်ကပ်ထားကြေညာ ထားရှိမှုအခြေအနေ၊ ပြန်လည် ဖြည့်စွက်/ ပြင်ဆင်သည့် လုပ်ငန်းများ ရှိပါက စနစ်တကျ ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများ အကျယ်တဝင့်သိရှိနိုင်စေရန်အတွက် သတ်မှတ်ချက်အတိုင်း လိုက်လံ နှိုးဆော်ပေးရန် မှာကြား ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)