ရေတာရှည် အောက်တိုဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်စာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ထုတ်ပြန်ကြေညာထား ကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမှုအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသူ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်ထွန်းနှင့် ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ က လှည့်လည်စစ်ဆေးကြည့်ရှုခဲ့ပြီး အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုရန် အခက်အခဲရှိပါက မဲဆန္ဒရှင်စာရင်း ကြည့်ရှုစစ်ဆေးသည့် Web Application ဖြစ်သော findyourpollingstation .uec.gov .mm တွင် ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်သည့်အပြင် Mobile Application ဖြစ်သော findyourpollingstation.apk ကို Google play store တွင် Download ရယူပြီး မဲစာရင်းတွင် မိမိအမည် ပါ/မပါ ကြည့်ရှုစစ်ဆေး နိုင်ကြောင်းနှင့် စစ်ဆေးရမည့်နည်းလမ်းကို UEC website နှင့် Facebook စာမျက်နှာတို့တွင် ဖော်ပြ ထားကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းကို အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကပ်ထား ကြေညာသွား မည်ဖြစ်ပြီး ရေတာရှည်မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပေါင်း ၁၆၅၂၁၀ ဦး ရှိကြောင်းနှင့် စာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း၊ မဲစာရင်းတွင် ပါဝင်ရန် မသင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ ဆန္ဒမဲစာရင်းတွင် မိမိအမည် မပါရှိပါက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက်နေထိုင်သူများအနေဖြင့် ပုံစံ (၃-က)ဖြင့် လျှောက်ထားခြင်းများကို မဲစာရင်း ထုတ်ပြန်ကြေညာသည့် နေ့မှ ၁၄ ရက်အတွင်း ဆောင်ရွက်နိုင်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်စိစစ်၍ ဆောင်ရွက်ပေးသွား မည်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ဆု(ပြန်/ဆက်)