မင်းဘူး(စကု)မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၇၉၁ ဦးအား သက်ကြီးလူမှုရေးပင်စင်ထောက်ပံ့

မင်းဘူး၊ မတ်၁၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ်၊ ဒုတိယသုံးလပတ်( ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ (၃၀၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှသိရသည်။

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များမှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား တစ်လလျှင် ထောက်ပံ့ငွေတစ်သောင်းကျပ်နှုန်းဖြင့် ၃ လ တစ်ကြိမ် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထိုသို့ပေးအပ်ရာတွင် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ မှ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၇၉၁)ဦးအတွက် စုစုပေါင်းငွေကျပ် (၂၃၇၃၀၀၀၀)ကျပ်ကို သက်ကြီးလူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်စိုးဝင်း(မင်းဘူး)