ကန့်ဘလူ မတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၁၁ နာရီက အဆိုပါ အဆောက်အဦသစ်၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ကန့်ဘလူခရိုင် တရားရုံးနှင့် မြို့နယ်တရားရုံး အဆောက်အဦသစ်ကို အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တရားသူကြီးချုပ် ဦးဇော်ထူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် ခရိုင်တရားသူကြီး ဒေါ်ဆွေဆွေအေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်က ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံး ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အဆောက်အဦသစ် ကမ္ပည်းမော်ကွန်းအား အမွှေးနံသာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခရိုင်တရာရုံးနှင့် မြို့နယ်တရားရုံးအား လှည့်လည်ကြည့်ရှု ကြသည်။
ဆက်လက်၍ အခမ်းအနားကို ခရိုင်တရားရုံးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးကျော်သောင်းအောင်က ရုံးအဆောက်အဦသစ်နှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြ သည်။ ယင်းနောက် အဆောက်အဦသစ် ဆောက်လုပ်မှု အဆင့်ဆင့်အား Video Clip ဖြင့် ပြသသည်။
ယင်းနောက် ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံး အဆောက်အဦနှင့် သက်ဆိုင်သည့် စာရွက်စာ တမ်းများကို ရွှေပင်အောင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းထိုက်ဝင်းက တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးကျော်သောင်းအောင်ထံသို့ လွှဲပြောင်းပေးအပ်သည်။ ထို့နောက် တရားသူ ကြီးချုပ် ဦးဇော်ထူးက အဆောက်အဦ သစ်ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရပစ္စည်းများကို ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ပေးအပ်သည်။
အဆိုပါအဆောက်အဦသည် (၁၉၄ × ၇၄) ပေရှိ နှစ်ထပ် သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး ဆက်စပ်လုပ်ငန်းများဖြစ်သည့် လုံခြုံရေးဂိတ် (၁၆ × ၁၈) ပေ သံကူကွန်ကရစ် တစ်လုံး၊ အမှုတွဲ ထိန်းခန်း (၃၀ ×၂၀) ပေ သံကူကွန်ကရစ် တစ်လုံး၊ သက်သေခံပစ္စည်းထိန်းသိမ်းရန်စတို (၄၀ × ၃၀) ပေ Steel Structure တစ်လုံး၊ သက်သေနားနေဆောင်(၂၀ ×၂၀) ပေသံကူကွန်ကရစ် တစ်လုံးနှင့် အုတ်တံတိုင်း(၂၃၈)ပေ၊ ယာဥ်(၅)စီးရပ်နားရုံ ၂ လုံး၊ အရံမီးစက်တပ်ဆင်ခြင်းနှင့်မီးစက်အိမ်(၂၀ ×၁၀) ပေ တစ်လုံး၊ (၄)ခန်းတွဲ အများသုံးသန့်စင်ခန်း တစ်လုံး၊ ရေရရှိရေးလုပ်ငန်း၊ မိလ္လာနှင့် ရေဆိုး ထုတ်လုပ်စနစ်များ၊ ၂၅၀ KVA ထရန်စဖော်မာ တစ်လုံးနှင့် အတွင်းအပြင်လျှပ် စစ်သွယ်တန်း ထားမှုများ၊ မီးသတ်စနစ်များ၊ Box Culvert ၂ ခု၊ အုတ်ခြံစည်းရိုး (၁၂၀၀)ပေနှင့် သံပန်းဂိတ်တံခါး ၂ ခု၊ ပရိဘောဂများ ထည့်သွင်းခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ထိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရန်ပုံငွေ ကျပ် ၁၇၄၅ ဒသမ ၈ သန်းဖြင့် တင်ဒါအောင်မြင်သော ရွှေပင်အောင်ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)