ဂန့်ဂေါ အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ်ကပ်ထားကြေညာခြင်းကို အောက်တိုဘာ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာပေးထားမည် ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းတွင် မိမိနာနည်မပါပါက ပုံစံ-၃ ဖြင့် လျှောက်ထားနိုင်ခြင်း၊ အခြားဒေသမှ လာရောက်နေထိုင်သူဖြစ်ပါက ပုံစံ-၃(က)ဖြင့် လျှောက်ထားနိုင်ခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်ပါက ပုံစံ-၄ ဖြင့် ကန့်ကွက်နိုင်ခြင်း၊ မဲစာရင်းပါစာရင်းမှားယွင်းနေပါက ပုံစံ-၄(ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်စိစစ်၍ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဂန့်ဂေါမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း(၇၇)အုပ်စုရှိပြီး ပထမအကြိမ် မဲစာရင်း အရ(၁၀၇၇၉၇)ဦးရှိကြောင်းနှင့် မဲစာရင်းပြည့်စုံမှန်ကန်ရေး ပြန်လည်စိစစ်ရာတွင် ဒုတိယအကြိမ် မဲစာရင်းအရ(၁၀၈၄၉၆)ဦးရှိကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)