ဂန့်ဂေါ အောက်တိုဘာ ၂
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းများကို အောက်တိုဘာ ၁ ရက်က ဂန့်ဂေါမြို့တွင် စတင်ဖွင့်လှစ်ရာ ရှေးဟောင်းသမိုင်းဝင် ဂန့်ဂေါမြို့ ရွှေပြည်ဆိပ်ဦးစေတီတော်အနီးရှိ သာသနာ့ဗိမာန်တွင် ဖွင့်လှစ် သည့်သင်တန်း၌ သင်တန်းသား ၆၃ ဦးတို့သည်လည်းကောင်း၊ မြောက်ကုန်းရပ်ကွက် အလက တွင် ဖွင့်လှစ်သည့် သင်တန်း၌ သင်တန်းသား ၄၀ ဦးတို့သည်လည်းကောင်း တက်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းသားများသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ယူရ မည့် အထူးရဲများအား သင်တန်းပို့ချခြင်းဖြစ်ပြီး သင်တန်းကာလတွင် ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီလိုက်နာရေး စီစဉ်ဆောင်ရွက် ထားကြောင်း သိရသည်။
သင်တန်းတက်ရောက်သူများသည် ဂန့်ဂေါမြို့နယ် ရပ်ကွက်၊ ကျေးရွာ ၇၇ အုပ်စုရှိ မဲရုံများတွင် အထူးရဲ များအဖြစ် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်ပြီး ဂန့်ဂေါခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အော်ရွန်း နှင့် တာဝန်ရှိသူများတို့က ကဏ္ဍအလိုက် ပို့ချဆွေးနွေးလျက်ရှိကြကြောင်း နှင့် သင်တန်းကာလ မှာ အောက်တိုဘာ ၂၈ ထိဖြစ်ကြောင်း သိရသည်။
တောင်သားမောင်သန်း