ဘားအံမြို့နယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်  မဲရုံများတွင်  အထူးရဲ (၂၃၀) ဦးခန့်ကို သင်တန်း စတင်ပို့ချ

ဘားအံ၊ အောက်တိုဘာ ၂

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အထူးရဲသင်တန်းကို အောက်တိုဘာလ ၁ ရက်နေ့၊ နံနက် (၇) နာရီအချိန်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမိတာရာမရဲကျောင်းတိုက်နှင့် သက်ဆိုင်ရာကျေးရွာများတွင် တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

ဘားအံမြို့ အမိတာရာမရဲကျောင်းတိုက် သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှရဲမှူး တင်ထွန်းအောင်က ရွေးကောက်ပွဲအတွက် လုံခြုံရေးနှင့်ပတ်သက်ရင် အထူးရဲများက အခြေခံအကျဆုံးအခန်းကဏ္ဍများမှာ ရှိသည့်အတွက်ကြောင့် တာဝန်ယူရမည့်အခြေအနေများအတွက် သင်တန်းများ စတင်ပေးနေခြင်း ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားသည်။

အထူးရဲအဖြစ်ခန့်အပ်နိုင်သည့် အရည်အချင်း သတ်မှတ်ချက် (၆) ချက်နှင့် ကိုက်ညီရမှာဖြစ်ပြီး အသက် ၁၈ နှစ်မှ အသက် ၆၀ နှစ်အတွင်း  ကျန်းမာရေးကောင်းမွန်သူ၊ ကိုယ်လက်အင်္ဂါမချို့ယွင်းသူ၊ ပညာရေးအလယ်တန်း အောင်မြင်ပြီးသူ၊ အရပ်မပုလွန်းမဝလွန်းသူ၊ ရပ်ရွာ/ပြည်သူတို့က ယုံကြည်လေးစားသူ၊ အဂတိလိုက်စားမှု ကင်းရှင်းသူ၊ ပါတီနိုင်ငံရေး ကင်းရှင်းသူများသာ ဖြစ်ရမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ဘားအံမြို့နယ်တွင် မဲရုံပေါင်း(၂၃၀)ဦးအတွက် အထူးရဲသင်တန်းသား (၂၃၀)ဦးခန့်ကို သင်တန်းနည်းပြများက အခြေခံစစ်ရေးပြနှင့် စာတွေေအပိုင်းတွင် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ ရဲကျင့်ဝတ်ရဲစည်းကမ်းဘာသာရပ်များကို အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ် ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)