ပွင့်ဖြူ ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် တက်ရောက်ပညာသင်ကြားခဲ့သည့် ကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်းကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ စိုက်ပျိုးရေးသိပ္ပံကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့် ဖိတ်ကြားထားသည့် ဧည့်ပရိတ်သတ်များက ပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကို ဩကာသကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ခဲ့ကြ သည်။ ထို့နောက် ပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာကြီး ဦးဘမြင့် ၊ ဆရာမကြီး ဒေါ်ခင်ဆွေအေးနှင့် မြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဒေါ်ဥမ္မာကို တို့က ဩဝါဒစကားများ အသီးသီး ချီးမြှင့်ပြောကြားခဲ့သည်။
၎င်းနောက် ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများက အသက် (၆၀)နှစ်အထက် ပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး (၂၂)ဦးနှင့် အသက်(၅၅)နှစ်အထက် ဆရာကြီး၊ ဆရာမကြီး (၁၄) ဦးတို့အား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ တစ်ဦးချင်းစီ ပူဇော်ကန်တော့ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)