ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် မဟာဒုတ်စာရေးတံမဲ၊ ဆွမ်းဆပ်ကပ် လှူဒါန်းပွဲ ကျင်းပ

ကျောက်တန်း ဇန်နဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် တည်ထားကိုးကွယ်သော ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် မဟာဒုတ်စာရေးတံမဲ၊ ဆွမ်းဆပ်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်(၈)နာရီတွင် မြတ်စောညီနောင်စေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မဟာဒုတ်ဆွမ်းအလှူခံ ကြွရောက်တော်မူလာကြသည့် ရဟန်းသာမဏေအပေါင်းတို့အား မြတ်စောညီနောင်စေတီတော် မုခ်ဦးတွင် မဲများနှိုက်၍ သက်ဆိုင်ရာ ရပ်ကွက်များရှိ ပင့်ဖိတ်ထားသော အလှူရှင်နေအိမ်များသို့ ဆွမ်းစားကြွရောက်ရမည်ဖြစ်သည်။ ရပ်ကွက်အသီးသီးမှ ဆွမ်းလှူဒါန်းရန် လာရောက်၍ ပင့်ဆောင်ကြသော သံဃာတော်များမှာ အနောက်ပိုင်းရပ်ကွက်မှ (၈၉)ပါး၊ စံချိန်မီရပ်ကွက်မှ(၁၀၀)ပါး၊ အရှေ့ ပိုင်းရပ်ကွက်မှ(၄၉)ပါး၊ အလယ်ပိုင်းရပ်ကွက်မှ(၇၄)ပါး၊ ဆင်ကန်ရပ်ကွက်မှ (၁၉၃)ပါး၊ စုစုပေါင်း ရဟန်းသာမဏေ (၇၇၀)ပါး ကြွရောက်ခဲ့ပြီး အဆိုပါ မဟာဒုတ်စာရေး တံမဲ၊ ဆွမ်းဆပ်ကပ်လှူဒါန်းပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး ဆွမ်းဆန်စိမ်း လောင်းလှူပွဲအား ပြာသိုလပြည့်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ခင်ဆွေဝင်း(ကျောက်တန်း)