ငဖဲ ဇန်နဝါရီ ၂
မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) တို့ပူးပေါင်း၍ ယူနီကုဒ်စနစ် ပြောင်းလဲခြင်း ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ နှင့် အခမဲ့ယူနီကုဒ် စနစ်ပြောင်းလဲခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်/ဆက်ဦးစီးဌာနရုံး ပြည်သူ့ စာကြည့်တိုက်ခန်းမ ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ငဖဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမြင့်က အဖွင့်အမှာ စကားပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းက Unicode ပြောင်းလဲခြင်းဆောင်ရွက်ပေးရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ငဖဲမြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ တာဝန်ခံ ဒေါ်အေးအေးအောင် က Unicode ဖြစ်ပေါ်လာပုံနှင့် ပြောင်းလဲခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများမှာ Unicode တွင် စံသတ်မှတ်ချက်ရှိသဖြင့် ဒေတာများကို သိမ်းဆည်းခြင်းနှင့် ပြန်လည်ရှာဖွေခြင်းတွင် မှားယွင်းမှု မရှိလုပ်ဆောင်နိုင်ခြင်း၊ မည်သည့် ဘာသာစကားကို မဆို မြန်မာ ဘာသာသို့ ပြောင်းလဲဖတ်ရှုနိုင်ခြင်းနှင့် မိမိပြောလိုသော အကြောင်းအရာများကို နှုတ်မှပြောဆို၍ အခြား ဘာသာစကားများသို့စာဖြင့်ဖြစ်စေ၊ အသံဖြင့်ဖြစ်စေ ပြောင်းလဲ အသုံးပြုနိုင်ကြောင်းနှင့် Facebook သုံးစွဲရာတွင်ဆောင်ရန်၊ရှောင်ရန်အချက်များကို အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးလက်နေ ပြည်သူများ၏ ဖုန်းများကို Unicode ပြောင်းလဲခြင်းဆိုင်ရာ လုပ်ငန်းများအား မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) မှ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မယု(ငဖဲ)