စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းများ စတင်

မုံရွာ ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီးရှိခရိုင်(၁၀)ခုတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းကို ဇန်နဝါရီလ(၂)ရက်နေ့နံနက်(၉)နာရီမှ စတင်ကောက်ယူလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးယဉ်ထွေး၏ ပြောကြားချက်အရ သိရသည်။

“ကြားဖြတ်သန်းခေါင်စာရင်းမှာက မေးခွန်းတွေများလာတယ်၊  တစ်ချို့အခန်းတွေကိုမေးမြန်းတဲ့ အခါမှာတော့ သိပ်ပြီးတော့ မဖြေချင်ကြဘူး၊ မြို့နယ်အတွင်းမှာက ကောက်ကွက်တစ်ခုမှာ သောက်သုံးရေကို အိမ်(၅)အိမ်မှာ စစ်ဆေးတယ်၊ ရေစစ်ဆေးပေးတဲ့အဖြေကိုလည်း ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူတဲ့ ကာလအတွင်းမှာ ပြန်ပြီး တော့ ဖြေကြားပေးသွားမှာ ဖြစ်တယ်၊ ရပ်ကွက်က အုပ်ချုပ်ရေးအဖွဲ့ တွေ၊လူမှုရေး အသင်းအဖွဲ့တွေက ပူးပေါင်းပေးတဲ့အတွက် ကျန်တာတွေကတော့ အဆင်ပြေတယ်” ဟု မုံရွာမြို့ ကွေ့ကြီးရပ်ကွက် ကြားဖြတ်သန်း ခေါင်စာရင်းကောက်ယူအဖွဲ့မှ လဝကမှူး ဦးသန်းမင်းစိုးက ပြောသည်။

ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူရာတွင် လူဦးရေဆိုင်ရာ အချက်အလက်များ၊ ပြည်တွင်းပြောင်းရွေ့ သွားလာခြင်း အကြောင်းအရာ၊ ပညာရေးအကြောင်းအရာ၊ လုပ်သားအင်အားအကြောင်းအရာ၊ ကလေးမွေးဖွားမှု အကြောင်းအရာ၊ မသန်စွမ်းသူအကြောင်းအရာ၊ သက်ကြီးရွယ်အိုအကြောင်းအရာ၊ ပါဝင်လှုပ်ရှားမှု၊ အထောက်အပံ့ရရှိမှုနှင့် ဘ၀ပျော်ရွှင်မှုအကြောင်းအရာ၊ ပြည်ပပြောင်းရွေ့သွားလာခြင်း အကြောင်းအရာ၊ အိမ်အကြောင်းအရာ၊ ရေပတ်ဝန်းကျင်သန့်ရှင်းရေးနှင့်တစ်ကိုယ်ရေသန့်ရှင်းရေး အကြောင်းအရာ၊ သေဆုံးမှုနှင့် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုအကြောင်းအရာစသည့် အခန်း(၁၂) ပါဝင်ပြီး မေးခွန်းပေါင်း (၁၁၀)ခု ကို မေးမြန်းခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လုပ်ဆောင်သည့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို စစ်ကိုင်းတိုင်း ဒေသကြီးရှိ ခရိုင်(၁၀)ခုမှကောက်ကွက်ပေါင်း (၄၉၉)ကွက်ကို ၂၀၂၀ ခုနှစ်ဇန်နဝါရီလ(၂)ရက်နေ့မှ (၁၅)ရက် နေ့အထိ ကွင်းဆင်းကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)