လက်ပံတန်း ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ လူအုပ်စုတိုင်း၊ ကလေးတိုင်း သို့ရောက်ရှိရေး အသိပေး ဆွေးနွေးပွဲကို ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၁၀နာရီက လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံ ဇီဝက ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲဝင်းက ကာကွယ်ဆေးလုပ်ငန်းများ အကြောင်း၊ ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း၏ တန်ဖိုး စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများနှင့် ၂၀၁၉ခုနှစ်အထိ ကာကွယ်ဆေးထိုး(၁၁)မျိုးထိုးနှံပေးခဲ့ပြီး၊၂၀၂၀ ပြည့်နှစ်မှစ၍ ပြင်းထန်ဝမ်းပျက် ဝမ်းလျောရောဂါ ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အသစ် နှစ်မျိုး ထပ်မံ ထိုးပေးမည် ဖြစ်ကြောင်း၊ကာကွယ်ဆေးထိုးလုပ်ငန်းသည် အသက်(၅)နှစ်အောက်ကလေးများ သေဆုံးမှုကို လျော့ချနိုင် ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသူ များမှ သိရှိလိုသည် များကို မေးမြန်း ဆွေးနွေးရာ မြို့နယ် ဆရာဝန်ကြီးက ပြန်လည်ဆွေးနွေးပေးခဲ့သည်။ ဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကြိုင်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြကြောင်းသိရသည်။
ဝင့်နန္ဒာဌေး