ပခုက္ကူ ဇန်နဝါရီ ၂
ပခုက္ကူမြို့နယ်တွင် ဆောင်းသီးနှံများ၊ ဆီထွက်သီးနှံများစိုက်ပျိုးကြရာ ဒေသတွင်း မုံလာထုပ်၊ ပန်းမုံလာဟုခေါ်သည့် ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများ စိုက်ပျိုးမှုအောင်မြင်ပြီး စီးပွားဖြစ် အရောင်းအဝယ် ကောင်း လျက် ရှိကြောင်း သိရသည်။
“ပခုက္ကူ မြို့မဈေးသို့ နေ့စဉ်သွားရောက်ရောင်းချလျက်ရှိပြီး မုံလာတစ်ထုပ်၊ တစ်ပွင့်ကို အများ ဆုံး ၈၀၀ ကျပ်နှင့် အနည်းဆုံး ၆၀၀ကျပ်ဈေးဖြင့် ရောင်းချရာ တစ်နေ့အနည်းဆုံး ၂သိန်းကျော် ရရှိကြောင်း၊ မိမိစိုက်ခင်းရှိ လမ်းဘေးတွင်ခင်းကျင်း၍ နေ့စဉ်ပန်းမုံလာတစ်ထုပ်၊ တစ်ပွင့်ကို အများဆုံး ၅၀၀ကျပ်နှင့်အနည်းဆုံး ၄၀၀ကျပ် တို့ဖြင့် ရောင်းချရာ တစ်နေ့ကို အနည်းဆုံး ၇၀၀၀၀ နှင့် ၈၀၀၀၀ကျပ် ရရှိကြောင်း၊ ယခင်နှစ်အတွေ့အကြုံအရ မိမိလယ်ကွက်တွင် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီတို့ကို တစ်ဧကစိုက်ပျိုးလျှင် ထွန်ယက်ခ၊ ရေသွင်းစရိတ်၊ မြေဩဇာ၊ ပိုးသတ်ဆေး စသည်တို့အပါအဝင် ခန့်မှန်း ကုန်ကျစရိတ် စုစုပေါင်း ၅သိန်း ကျော်ရှိကြောင်း၊ ဖြစ်ထွန်းအောင်မြင်ပါက ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ ၅၀၀၀ ကျော်ရရှိနိုင်သောကြောင့် တစ်ဧက အတွက် ခန့်မှန်း အမြတ် ငွေကျပ် ၆ သိန်းနီးပါးရရှိနိုင်ကြောင်း၊ ယခုနှစ်တွင် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိုက်ဧက နှစ်ဧက ရှိပြီး စိုက်ပျိုးသည့် မျိုး၊ လုပ်အားတို့နှင့်နေ့စဉ်ပြန်လည်ရောင်းချနိုင်မှုတို့အပေါ် နှိုင်းယှဉ်ပါက ယခင်နှစ်ထက် အမြတ်ပိုမိုရရှိနိုင်မည်ဟု ယူဆရကြောင်း၊ အခုလောလောဆယ်တော့ တစ်ဧက အကွက်က ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီများကို ရောင်းချနေရဆဲဖြစ်ကြောင်း”တို့ဖြင့် ပခုက္ကူမြို့နယ်၊ မြင်းဝင်း ကျေးရွာ မုံလာပွင့်စိုက်ပျိုးသည့် တောင်သူ ဒေါ်ဆွေဆွေမြင့်က ပြောကြားသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးသည့် ကျေးရွာတောင်သူများသို့ကွင်းဆင်း၍ သီးနှံ စိုက်ပျိုးနည်းစနစ်များ၊ အစားအစာဘေးကင်းလုံခြုံရေးအတွက် ပိုးသတ်ဆေးအန္တရာယ်များ အကြောင်း အသိပညာပေး ဆွေးနွေးသည့်အပြင် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများပက်ဖျန်းပြီး သတ်မှတ်အချိန်ကာလပြည့်မီသည့်အထိ စောင့်ဆိုင်းပြီးမှ ခူးဆွတ်ရောင်းချခြင်း၊ စားသုံးခြင်းများ ပြုလုပ်ကြရန် အကြံပေး ဆွေးနွေး ခြင်းများ ပြုလုပ်ပေးလျက် ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ဆလိုင်းကိုကီး