ပေါက်ခေါင်းမြို့နယ်၌ ဖီးကြမ်းငှက်ပျောသီးကို စီးပွါးဖြစ်တိုးချဲ့စိုက်ပျိုးလာ

ပေါက်ခေါင်း ဧပြီ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ ရပ်ကွက်ကျေးရွာများတွင် စပါး၊ ပြောင်းနှင့် သီးနှံမျိုးစုံကို ရာသီအချိန်အလိုက် စိုက်ပျိုးထုတ်လုပ်ကြရာတွင် ငှက်ပျောစိုက်ပျိုးခြင်းသည် အခြားသီးနှံများကဲ့သို့ ဈေးကွက်ဝင် တွက်ခြေကိုက်သဖြင့် တိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။

"ငှက်ပျောကို ဧကဝက်လောက်စိုက်ထားတာပါတယ် ဖီးကြမ်းငှက်ပျောမျိုးပေါ့၊ ငှက်ပျောပင်က အခြားသီးနှံတွေထက်စာရင် စိုက်ပျိုးထုတ်လုပ်စရိတ်ကုန်ကျမှု နည်းတယ် အမြတ်အစွန်းလည်း ရတယ် နောက်နှစ်တွေမှာ တိုးချဲ့စိုက်ပျိုးဖို့ရည်မှန်းထားတယ် ခုကဖီးကြမ်းတစ်ဖီးကို ၁၀၀၀ ကျပ်နဲ့ ငှက်ပျောဖီးအကြီးအသေးပေါ်မူတည်ပြီး ဈေးကတော့မတူဘူးပေါ့ တစ်ခါရောင်းရင် ကျပ်ငါးသောင်းဖိုးလောက်ထိရရှိပါတယ်" ဟု ရေဖြူကျေးရွာ ငှက်ပျောစိုက်တောင်သူတစ်ဦးက ပြောသည်။

ငှက်ပျောပင်ကို မိုးဦးကျအချိန်တွင် သားတက်များကိုခွဲ၍ စိုက်ပျိုးရကြောင်း စိုက်ပျိုးပြီး တစ်နှစ်ကျော်ခန့်အကြာတွင် ငှက်ပျောခိုင်များ ရင့်မှည့်လာပြီးဈေးကွက်သို့ စတင်ရောင်းချနိုင် ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)