ထန်းတပင်၌ လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲကျင်းပ

ထန်းတပင် ဖေဖော်ဝါရီ ၂၇

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့သည့် လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆန်းစစ်ဆွေးပွဲ (၂၀၁၉)ကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလမင်းက နှစ်အလိုက်ကိုယ်ဝန်ဆောင်မိခင်များဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် လာရောက်ပြသမှုအခြေအနေများ၊ ကလေးငယ်သေဆုံးမှုနှုန်းများ၊ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုနှုန်းများနှင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများကိုရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်စု၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများမှ မိမိတို့သိရှိလိုသည်များကိုမေးမြန်းခဲ့ကြကာ အကြံပြုချက်များကိုဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသည် ကျေးလက်ဒေသ အောက်ခြေအထိ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရန်၊ ရောဂါကြိုတင်ကာကွယ်တားဆီးနိုင်ရေးနှင့် ရောဂါဖြစ်ပွား လာလျှင် ထိရောက်စွာကုသမှုများပေးအပ်နိုင်ရန်အတွက် လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ (၂၀၁၉) ကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)