စေတုတ္တရာမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေး ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်လှစ်ပို့ချ

စေတုတ္တရာ ဖေဖော်ဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ  လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းကို ယနေ့ နံနက် ၉ နာရီတွင် စေတုတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌​ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် စေတုတ္တရာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် မြို့နယ်အတွင်း သာသနာတော် ထွန်းကားပြန့်ပွားစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သာသနာရေးဆိုင်ရာလုပ်ငန်းများ အပါအဝင် နိုင်ငံတော်မှ ဆောင်ရွက်နေသည့် ပြည်သူ့အကျိုးပြု ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လုပ်ထုံးလုပ်နည်း ၊ ဥပဒေ နည်းဥပဒေများကို စနစ်တကျ ဆောင်ရွက်တတ်စေရန်နှင့် ပူးပေါင်းပါဝင်ပြီး ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်၍ တက်ရောက်သင်ယူကြမည့် သင်တန်းသားများအားလုံး သင်တန်းမှ ပို့ချမည့် သင်ခန်းစာများကို ဂရုတစ်စိုက် လေ့လာသင်ယူသွားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်သာသနာ တော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန တာဝန်ခံ မြို့နယ်လဝက ဦးစီးမှူး ဦးထင်အောင်က ပို့ချသင်ကြားမည့် သင်ခန်းစာများကို  ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင် ဦးဆောင်မှုဖြင့် မြို့နယ်သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာ တာဝန်ခံမြို့နယ်လဝကဦးစီးမှူး ဦးထင်အောင်နှင့် သင်တန်းနည်းပြ ဆရာများက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဘာသာသာသနာဆိုင်ရာ ဥပဒေပုဒ်မများ၊ ဗုဒ္ဓဘာသာ သာသနိကအဆောက်အအုံများ အသစ်ဆောက်လုပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်း ဆိုင်ရာ လိုက်နာရမည့် သတ်မှတ်ချက်များ၊ ခရစ်ယာန်ဘုရားကျောင်း၊ အစ္စလာမ်ဗလီ၊ ဟိန္ဒူဘုရားကျောင်း စသည့်အခြားဘာသာရေးဆိုင်ရာ အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့် စည်းကမ်းများ၊ အခွန်လွတ်သာသနာ့ (ဝတ္တက)မြေလျှောက်ထားခြင်း လုပ်ငန်းအဆင့်ဆင့်များ၊ သိမ်သမုတ်ခြင်းလုပ်ငန်းစဉ်များ၊ သာသနာ့အလံ လွှတ်ထူခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် အခြားပြည်သူ့အကျိုးပြု ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပက်သက်သော လုပ်ထုံးလုပ်နည်း၊ ဥပဒေ နည်းဥပဒေများကို စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချ သင်ကြားပေးခဲ့ကြသည်။

အဆိုပါ သင်တန်းသို့ မြို့နယ်ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေး စာရေးဝန်ထမ်းများ စုစုပေါင်း သင်တန်းသားဦးရေ ၁၀၀ ဦး တက်ရောက် သင်ကြားသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့ အထိ နှစ်ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )