ရန်ကုန် ဇန်နဝါရီ ၂
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် ခရိုင်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ရန်ကုန်အရှေ့ပိုင်း ခရိုင် သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ တွင် ကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်း၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ ခရိုင်အဆင့် သန်းခေါင် စာရင်းကော်မတီဝင်များ၊ မြို့နယ်အဆင့်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် သင်တန်း နည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီ အတွင်းရေးမှူး လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဦးအောင်ဝင်းသိန်း က အဖွင့် အမှာစကား ပြောကြားရာတွင် နေ့စဉ်နဲ့အမျှ တိုးတက်ပြောင်းလဲနေတဲ့ ယနေ့ခေတ်အချိန်တွင် မြန်မာနိုင်ငံ ၏ လက်ရှိနှင့် အနာဂတ်လူဦးရေ လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက် များကို အချိန်နှင့် တစ်ပြေးညီ အနီးစပ်ဆုံး မှန်ကန်စွာ ခန့်မှန်းနိုင်ရန်အတွက် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရေးအား အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် စာရင်းကောက်ယူမှုလုပ်ငန်း ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် Mobile Tablet များ အသုံးပြုပြီး (Computer-assisted Personal Interviewing-CAPI) စနစ်ဖြင့် ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်းမေးမြန်းစာရင်း ကောက်ယူသည့်စနစ်ဖြင့် ကောက်ယူသွားမည်ဖြစ် ကြောင်းနှင့် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူခြင်း ၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ သည်။
ထို့နောက် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဒုတိယခရိုင်ဦးစီးမှူး ဦးတင်ထွန်းက ကြားဖြတ် လူဦးရေသန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပရိုဂျက်တာဖြင့် အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ်(၁၄)မြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ (၈၁)ဦး ဖြစ်ပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၂ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဖြစ်သည်။ ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းအား ဇန်နဝါရီ ၁၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကောက်ယူသွား မည်ဖြစ်ကြောင်း သိရသည်။
ရဲမင်းထွန်း(ပြန်/ဆက်)