ပလတ်စတစ်အမှိုက်များ ကင်းစင်ရေး စနစ်တကျစွန့်ပစ်ရေး ပညာပေးဟောပြောပွဲနှင့် လက်တွေ့ လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်

ပေါက် ဇန်နဝါရီ ၂

ပြည်သူများအနေဖြင့် သန့်ရှင်းရေးဆိုင်ရာ အသိပညာများရရှိကာ သန့်ရှင်းကျန်းမာပြီး အမှိုက်ကင်းစင် သော ပတ်ဝန်းကျင်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပေါက်မြို့နယ် ငမို့လေးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာ၊ ဆရာမများ၊  ကျေးရွာသူ၊ ကျေးရွာသားများနှင့် “ပညာ့ဥယျာဉ်ပရဟိတ လူမှုကူညီရေးအသင်း” မှ လူငယ်များ ဦးဆောင်ကာ ပလတ်စတစ်အမှိုက်များ ကင်းစင်ရေး၊ စနစ်တကျစွန့်ပစ်ရေး ပညာပေးဟောပြောပွဲနှင့် လက်တွေ့လှုပ်ရှားဆောင်ရွက်မှုများကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျေးရွာတာဝန်ခံ ဦးအောင်ကိုနိုင်က အဖွင့်အမှာစကားပြောကြားပြီး ဖလံကိုင်းကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးတင်အောင်သန်းမှ အခမ်းအနား ကျင်းပရသည့် ရည်ရွယ်ချက်နှင့် ကျေးရွာသန့်ရှင်း သာယာလှပရေးနှင့် ပလတ်စတစ် အမှိုက်ဆိုးကျိုးများကို လည်းကောင်း၊ ငမို့လေးကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဟန်ငွေက အများအကျိုး၊ သူတစ်ပါးအကျိုး ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် ပညာရေးကဏ္ဍနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ငမို့လေးကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပေါက်မြို့နယ် “ပညာ့ဥယျာဉ်ပရဟိတ လူမှုကူညီရေးအသင်း” မှ အသင်းသူ၊ အသင်းသားများနှင့် ကျေးလက်နေပြည်သူများ စုပေါင်း၍ အဖွဲ့ ၅ ဖွဲ့ ဖွဲ့ကာ အဆိုပါကျေးရွာအတွင်း လမ်းတိုင်းရှိ ပလတ်စတစ်အမှိုက်များနှင့် ပေါင်းမြက်များကို ကောက်ယူခဲ့ကြပြီး အဆိုပါ အမှိုက်များကို အခြေခံပညာ မူလတန်းလွန်ကျောင်းဝန်းအတွင်းရှိ အမှိုက်ကျင်းထဲသို့ စွန့်ပစ်မီးရှို့ခဲ့ ကြောင်း သိရသည်။

ဉာဏ်တိုး (ပေါက်)