တောင်ကုတ် မေ ၂၉
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ကျေးလက်နေပြည်သူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်လာစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ကိုင်းရှည်ကျေးရွာရှိ လင်းရောင်ခြည်စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ရွှေက စာဖတ်ဝိုင်းများ ပြုလုပ်ရသည့် ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီးနောက် ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)ရေးသားသည့် ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရန် သတိဖြင့် နေထိုင်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုကျင်းပရာ စာဖတ်ဝါသနာရှင်များဖြစ်ကြသည့် ဦးဝေထွန်းက လူတိုင်းရဲ့ အမြင့်ဆုံး ရည်မှန်းချက်ကိုလည်းကောင်း၊ ဦးနေလင်းထွန်းက လောကမှာ အရည်အသွေး အပြည့်ဝဆုံးလူကိုလည်းကောင်း၊ ဦးဇော်ဇော်အောင်က အောင်မြင်မှုဆိုတာ မှန်ကန် တဲ့သဘောထား ကိုလည်းကောင်း၊ ဦးစောမောင်က စစ်မှန်တဲ့ပျော်ရွှင်မှု စသည့် အကြောင်းအရာများကိုလည်းကောင်း ဖတ်ရှုဆွေးနွေးကြသည်။
ထို့နောက် မြို့နယ်ဦးစီးမှူး ဦးမြင့်ရွှေက စာကြည့်တိုက်များရှင်သန်ခိုင်မာရေးနှင့် စာဖတ်သူများ တိုးပွားလာစေရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်