မုံရွာ မေ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများပပျောက်စေရေး အထူးအလေးထားရည်ရွယ်လျက် ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး” (Talk Show) ကို ယနေ့နံနက် (၁၀) နာရီအချိန်က မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ အသိပညာပေး (Talk Show) တွင် မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ပေးရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးမြင့်ရီ က မြန်မာနိုင်ငံ အနေဖြင့် CRC အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ကလေးသူငယ်အခွင့်အရေးများကို အလေးထားပြီး ကာကွယ်စောင့်ရှောက်လျက်ရှိပါကြောင်း၊ ကလေးများအား အကြမ်းဖက်ခံရခြင်းမှ ကာကွယ်ရန်၊ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခံရခြင်းမှ ကာကွယ်ရန်နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရလည်း ကလေးများရသင့်ရထိုက်သော အခွင့်အရေးများရရှိရေး၊ အခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေးတို့အတွက် ဆောင်ရွက်နေမှုများအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြန်ကြားပေးခြင်း၊ ဖျော်ဖြေပေးခြင်း၊ အသိပညာပေးခြင်းများကို အထူးအလေးထား၍ အပတ်စဥ်လစဥ် အသိပညာပေး(Talk Show)ပွဲများ၊ ဟောပြောပွဲများ၊ ပြပွဲ၊ပြိုင်ပွဲများနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းတို့ကို ပြည်သူဗဟိုပြုဆောင်ရွက်ပေးလျက်ရှိပြီးယနေ့ကျင်းပပြုလုပ်သော ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး အသိပညာပေး (Talk Show) ကို မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ We Love Monywa facebook Page တွင်ရိုက်ကူးတင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)