ဂန့်ဂေါမြို့ မြို့မရပ်ကွက်တွင် အေးသုတ စာကြည့်တိုက်ဖွင့်

ဂန့်ဂေါ ဖေဖော်ဝါရီ ၂၇

ဂန့်ဂေါမြို့ မြို့မရပ်ကွက်တွင် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၉ နာရီ က အေးသုတစာကြည့်တိုက်ဖွင့်ပွဲကို အဆိုပါစာကြည့်တိုက်ရှေ့တွင် ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေး၊ စာကြည့်တိုက် အဆောက်အဦး အလှူရှင် အထက်တန်းကျောင်းအုပ်ဆရာမကြီး (ငြိမ်း) ဒေါ်အေးဟန်၊ မြို့မိမြို့ဖ ဦးနိုင်ဦးတို့ က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြသည်။

ယင်းနောက် ဖွင့်ပွဲကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ အေးသုတစာကြည့်တိုက်ကော်မတီနာယက ဦးအောင်ခင်၊ ရပ်မိရပ်ဖ ဦးမြင့်လှိုင်တို့က အမှာစကားပြောကြား၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေး က စာကြည့်တိုက် ရှင်သန်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် စေတနာရှင်များက စာကြည့်တိုက်ငွေပဒေသာပင်များ၊ စာအုပ်များလှူဒါန်းကြရာ ငွေပဒေသာပင် ကျပ် ငါးသိန်းကျော်ရရှိ၍ စာအုပ်မျိုးစုံ ၆၀၀ ကျော် ရရှိကြောင်း သိရသည်။

“ ဆရာမကြီး ဒေါ်အေးဟန် က  နေအိမ်ကို ဂန့်ဂေါမြို့ လူမှုရေးအသင်းအဖွဲ့ဖြစ်တဲ့ ကျွန်တော်တို့ မာဃသဟာယအဖွဲ့ကို လှူဒါန်းပါတယ် ကျွန်တော်တို့အဖွဲ့က လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆောက်အဦရဲ့အောက်ထပ်ကို အလှူရှင် ဆရာမကြီးရဲ့ဆန္ဒအရ အေးသုတစာကြည့်တိုက်အဖြစ် ဆောင်ရွက် လိုက်တာဖြစ်ပါတယ် ၊ စာကြည့်တိုက်ကိုတော့ တစ်ပတ်မှာ ၂ ရက်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်၊ စာကြည့်တိုက် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ”ဟု မာယသဟာယ လူမှုရေးအဖွဲ့မှ ဦးခင်မောင်မြင့် က ပြောသည်။

တောင်သားမောင်သန်း