ကန့်ဘလူ ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနတို့တွင် အခြေခံမြေတိုင်းသင်တန်း မတက်ရောက်ရသေးသော မြေတိုင်း-၅ များနှင့် လက်ရှိခန့်ထားသည့် စာရင်းကိုင်-၄၊ အငယ်တန်းလက်ထောက် (ကွန်ပျူတာ) စာရေးများအား မြေစာရင်းဘာသာရပ်၊ မြေတိုင်းတာခြင်းနှင့် ရုံးလုပ်ငန်းဆိုင်ရာလုပ်ငန်းများ ကြိုတင်လေ့လာသိရှိနိုင်ရန် သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့က ကန့်ဘလူမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ခရိုင်၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ ဝန်ထမ်းသင်တန်းသား သင်တန်းသူ ၁၃ ဦးတက်ရောက်ပြီး ဇန်နဝါရီ ၂ ရက်နှင့် ၃ ရက် နှစ်ရက်ကြာဖွင့်လှစ်၍ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း၊ မြန်မာနိုင်ငံမြေစာရင်းလက်စွဲဥပဒေ၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ အမြဲမိန့်နှင့် ညွှန်ကြားချက်များ၊ စပါးအထွက်နှုန်းနှင့် စုစုပေါင်းအထွက်နှုန်းမှန်ကန်ရေးအတွက် စံကွက်ရိတ်သိမ်းခြင်း၊ ရာသီဥတုကောက်ပဲသီးနှံ နှစ်ချုပ်စာရင်းများ၊ မြေကြီးမြေပုံ မှန်ကန်ရေးလုပ်ငန်း၊ ရေခွန်/မြေခွန် အရပ်ရပ်စည်းကြပ်ခြင်းလုပ်ငန်း၊ မြေလွတ်/မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့်ပေးရန် မြေတိုင်းတာခြင်း၊ မြေပုံရေးဆွဲခြင်း၊ အခြေခံမြေ တိုင်းတာ ခြင်းနှင့် မြေပုံရေးဆွဲခြင်း ဘာသာရပ်များကို ဒုတိယဦးစီးမှူး၊ လက်ထောက်ဦးစီးမှူး၊ မြေတိုင်း-၄ တို့က သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)