ရေစကြို ဇန်နဝါရီ ၂
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယနေ့ ညနေ ၃ နာရီအချိန်တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်ဖြစ်ပွားခဲ့သည့် နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်း ကျေးရွာရှိ ပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ကမ်းပြိုဘေးသင့်ဖြစ်ပွားခဲ့သော အိမ်ခြေ (၈) လုံး၊ အိမ်ထောင်စု (၈) စု၊ လူဦးရေ (၂၈) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ၈၀၀,၀၀၀ ကျပ် နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ၅၈,၈၀၀ ကျပ်တို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က နွယ်နီကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နွယ်နွယ်အောင် (ရေစကြို-ပြန်/ဆက်)